ပွင့်ဖြူ နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မြေအောက်ရေဖြင့် ဆောင်းကြက်သွန်နီ စတင်စိုက်ပျိုးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်၊ အင်းနက်ကျေးရွာ ဒေသခံတောင်သူများထံမှ သိရသည်။ “တစ်ဧကကို အနည်းဆုံး ပိဿာချိန် ၃၀၀၀ မှ ၄၀၀၀ အထိ ထွက်ရှိပါတယ်။ တစ်ဧက စိုက်ပျိုးရင် အနည်းဆုံး ၁၀ သိန်း ဝန်းကျင်လောက် ကုန်ကျစရိတ် ရှိပါတယ်။ ခုအချိန်မှာ  ကြက်သွန်နီဈေးက ပြန်လည်ကောင်းမွန် နေတာကြောင့် ဒေသခံတောင်သူတွေက ဆောင်းကြက်သွန်ကို ပြန်လည်အားထား လုပ်ကိုင်နေကြပါတယ်” ဟု ကြက်သွန်စိုက် တောင်သူ ဦးရဲမင်းက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ကြက်သွန်နီကို ဆည်တော်ကျေးရွာ၊ မဲဇလီကျေးရွာ၊ ကြူဝန်းကျေးရွာ၊ အနောက်လေးအိမ် ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာ၊ အင်းနက်ကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ဒေသခံတောင်သူများ စိုက်ပျိုးသည့် ကြက်သွန်နီမှာ အလုံးလှပြီး ဈေးကွက်၌ အရောင်းအဝယ် ကောင်းသည့်အတွက် မကွေး၊ မင်းဘူးမြို့နယ်များသို့ ရောင်းချရသည့်အပြင် ရန်ကုန်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များမှ ကြက်သွန်နီကုန်သည်ပွဲစားများက ကြက်သွန်နီ လှိုင်လှိုင်ပေါ်ချိန်တွင် ကုန်တင်ကားကြီးတွေနဲ့ ဈေးကောင်းပေး ဝယ်ယူကြသဖြင့် ကြက်သွန်စိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)