ပွင့်ဖြူ ဇန်နဝါရီ ၅

 

မကွေးတိုင်းဒေသကြီး    ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ၇၀၀၃၃ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ပြီး စပါးစိုက်ခင်းများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်း ပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၈၉ ဒသမ ၉၈ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

 

ပံ့ပိုးဆောင်ရွက်ပေးခဲ့

 

“စပါးစိုက်ပျိုးတဲ့အချိန်မှာ တောင်သူတွေ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်အောင်၊ အထွက်နှုန်းတွေ ကောင်းမွန်အောင် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာ၊ မျိုးကောင်းမျိုးသန့်တွေနဲ့ သွင်းအားစုတွေကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး ရိတ်သိမ်းပြီးစီးတဲ့ စပါးတွေ အရည်အသွေးကောင်းမွန်စေဖို့ စနစ်တကျ ထားသိုထိန်းသိမ်းနိုင်အောင် နည်းပညာတွေ ကူညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

ပွင့်ဖြူမြို့နယ်တွင် စပါးစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနက စပါးသီးနှံ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးခြင်း၊ ပိုးမွှားကျရောက်မှုကာကွယ်ရေး အသိပညာပေးခြင်း၊ သီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ရိတ်သိမ်းပြီးစပါးများ အမိုးအကာအောက် အချိန်မီရောက်ရှိရေးနှင့် စနစ်တကျ သိုလှောင်သိမ်းဆည်းတတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)