ပွင့်ဖြူ ဇန်နဝါရီ ၁၆

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ဆန်စပါး စားရေရိက္ခာဖူလုံစေရန်အတွက် မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် စပါး ၆၉၉၉၉ ဧကအား ယခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စပါး ၆၉၉၄၄ ဧက လျာထားစိုက်ပျိုးခဲ့ရာ ၆၉၉၉၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးခဲ့သည့် စပါးခင်းများကို ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်ရိတ်သိမ်းခဲ့ရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးခဲ့ကာ တစ်ဧကလျှင် စပါး ၈၈ ဒသမ ၂၃ တင်း ထွက်ရှိကြောင်း သိရသည်။

 

“စပါးရိတ်သိမ်းရာမှာ အချိန်မီ ရိတ်သိမ်းခြွေလှေ့နိုင်အောင်၊ ရိတ်သိမ်းပြီး စပါးတွေကို အရည်အသွေးကောင်းမွန်အောင်၊ အမိုးအကာအောက်မှာ စနစ်တကျ သိုလှောင်ထိန်းသိမ်းနိုင်အောင် တောင်သူတွေကို ကွင်းဆင်းအသိပညာပေးတာတွေ ဆောင်ရွက်ပေးခဲ့ပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်မိုးရာသီနှင့်နွေရာသီ သီးနှံစိုက်ပျိုးကာလတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် ဈေးကွက်ရှိပြီး အထွက်နှုန်းကောင်းမွန်သော စပါးမျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အရည်အသွေးကောင်းသော စပါးများ စိုက်ပျိုးထွက်ရှိစေရန် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်အောင် ကူညီပေးခြင်း၊ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်း၊ တမန်းနှိုးပေါင်းထိုးခြင်းစသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရိတ်သိမ်းပြီးစပါးများ အရည်အသွေးကောင်းစေရန်နှင့် ဆုံးရှုံးမှုများ မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)