ပွင့်ဖြူ ၁ ဩဂုတ်        

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ယခု ၂၀၂၀ - ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေး အတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေဖြန့်ဝေပေးသည့် တောင်မုန်းမြောင်းမကြီးအား အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေများ ဖြန့်ဝေပေးနေကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၀-၂၀၂၁ မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ မဲဇလီရေလွှဲဆည်ရေသောက် ဧရိယာအတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး ဖြန့်ဝေပေးလျက်ရှိရာ ယခုနှစ်တွင် မိုးရွာသွန်းမှုလျော့နည်းခဲ့သည့်အတွက် လက်တံမြောင်းများ အားလုံး မြောင်းဆုံးမြောင်းဖျားအထိ တစ်ပြိုင်တည်း ဆည်ရေဖြန့်ဝေပေးရန် ခက်ခဲလာသဖြင့် ဆည်ရေပို့လွှတ်ပေးနေသော တောင်မုန်းမြောင်းမကြီးအား ဇူလိုင် ၃၀ ရက်နေ့က စတင်၍ အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးနေရကြောင်းနှင့် ယင်းသို့ ဆည်ရေပို့လွှတ်သော တောင်မုန်းမြောင်းမ ကြီးအား အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးရာတွင် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လက်တံ (၃ ၊ ၄ - က ၊ ၅ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၃ ၊ ၁၅)ရေလက်တံမြောင်းများကို အပတ်စဉ် ကြာသာပတေးနေ့ နံနက် ၆ နာရီမှ တနင်္ဂနွေနေ့ နံနက် ၆ နာရီ အထိ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ၊ တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လက်တံ(၂ ၊ ၄ ၊ ၆ ၊ ၁၁ ၊ ၁၄ ) ရေလက်တံမြောင်းများကို အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၆ နာရီမှ ကြာသာပတေးနေ့ နံနက် ၆ နာရီအထိ ရေပေးဝေနည်းစနစ်ဖြင့် အလှည့်ကျ ဖြန့်ဝေပေးနေကြောင်း သိရသည်။ 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ယခု ၂၀၂၀ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီမှာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို အတတ်နိုင်ဆုံး ဖြန့်ဝေပေးထားပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ရာသီဥတုပူပြင်းပြီး မိုးရွာသွန်းမှု လျော့နည်းခဲ့တဲ့အတွက် မဲဇလီရေလွှဲဆည်အတွင်း ရေဝင်ရောက်မှု လျော့နည်းခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ကလို ရေလက်တံမြောင်းများအားလုံး မြောင်းဆုံးမြောင်းဖျားအထိ ဆည်ရေဖြန့်ဝေပေးဖို့ အခက်အခဲများ ကြုံတွေ့နေရပါတယ်။ ဒါ့ကြောင့် တောင်သူတွေ စိုက်ပျိုးရေအဆင်ပြေစေရေးအတွက် မဲဇလီရေလွှဲ ဆည်ရေမှ ပို့လွှတ်ပေးသော တောင်မုန်းမြောင်းမကြီးဆည်ရေသောက်ဧရိယာအတွင်းရှိ ရေလက်တံမြောင်းတွေကို အလှည့်ကျ စနစ်နဲ့ ဖြန့်ဝေပေးသွားဖို့ စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဆည်အတွင်း ရေဝင်ရောက်မှုနည်းတဲ့အတွက် ဒေသခံတောင်သူများ အနေနဲ့လည်း စိုက်ပျိုးရေရယူသုံးစွဲရာမှာ အကျိုးရှိရှိ စနစ်တကျနဲ့ သုံးစွဲစေချင်ပါတယ်။  ယခု ၂၀၂၀ ခုနှစ် မိုးစပါးစိုက်ပျိုး ရာသီမှာတော့ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ မိုးစပါးစိုက်ဧက ၇၁၀၈၇ ဧက လျာထားစိုက်ပျိုးသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင် က ပြောသည်။ 

ရဲဝင်းနိုင် (ပြန်/ဆက်)