ပွင့်ဖြူ အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုနှစ်တွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ရာတွင် ဒေသခံတောင်သူများ မိုးစပါးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဇွန် ၁၅ ရက်မှစတင်၍ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးခဲ့သဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေလုံလောက်စွာ ရယူစိုက်ပျိုးနိုင်ခဲ့သည့်အတွက် ယခုအခါ မိုးစပါးသီးနှံစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် “ကျွန်မတို့မြို့နယ်မှာ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ရည်ရွယ်ပြီး မိုးစပါးသီးနှံ စုစုပေါင်းဧက ၆၉၀၉၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာမှာ ဒေသခံ တောင်သူများက အစိုးရဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်၊ ဆည်/ကန်ငယ်၊ ရေစုပ်စက်စနစ်၊ မိုးကောင်း သောက်စနစ် စသဖြင့် စိုက်ပျိုးရေရယူပြီးတော့ မိုးစပါးသီးနှံများကို ဇွန်လကုန်ပိုင်းကစပြီး အားသွန် ခွန်စိုက်ကြိုးပမ်းစိုက်ပျိုးရွက်ခဲ့လို့ သတ်မှတ်လျာထားဧကထက် ၅၅၁ ဧက ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ပါ တယ်။ နောက်ပြီး ကျွန်မတို့ ပွင့်ဖြူမြို့နယ်ဟာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအနေနဲ့ မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၅)မြို့နယ်မှာ ဆည်ရေသောက်ဧရိယာ အများဆုံးဖြစ်လို့ နှစ်စဉ် ဆန်စပါး စိုက်ပျိုး ထုတ်လုပ်နိုင်မှုအနေနဲ့ အများဆုံးမြို့နယ်တစ်ခု ဖြစ်ပါတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အပြင် စိုက်ပျိုးမြေကလည်း မျှတကောင်းမွန်တဲ့အတွက် ဆန်စပါးသီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုလည်း ရှိပါတယ်။ ကျွန်မတို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကလည်း ဒေသခံတောင်သူများကို မိုးစပါးသီးနှံစိုက်ပျိုးရာတွင် အဆင်ပြေစေရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးရေးသုံး သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးတဲ့အပြင် နိုင်ငံတော်အစိုးရကလည်း ဓာတ်မြေဩဇာများကို သက်သာသောဈေးနှုန်းနဲ့ ဖြန့်ဖြူးရောင်းချပေးခဲ့ပါတယ်။ ခုဆိုရင် ဒေသခံတောင်သူများ အားထားစိုက်ပျိုးတဲ့ မိုးစပါးသီးနှံစိုက်ခင်းများဟာ အောင်မြင် ဖြစ်ထွန်းမှုလျက်ရှိပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ စိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ နယ်မြေအလိုက် ကွင်းတာဝန်ခံဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များနှင့် သွင်းအားပစ္စည်း အချိုးကျသုံးစွဲနည်းစနစ်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသလို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှလည်း စိုက်ပျိုးရေ လုံလောက်စွာ စနစ်တကျ ဖြန့်ဝေပေးမှုကြောင့် မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် စပါးသီးနှံများမှာ ဧရာမင်း၊ ပခန်းရွှေဝါ ၊ ရတနာတိုး ၊ ဆင်းသုခ ၊ မနောသုခ ၊ ပေါ်ဆန်းရင် ၊ ဆင်းသိင်္ဂီ ၊ သီးထပ်ရင် ၊ ချမ်းမြေ့မေ စသည့် စပါးမျိုးများကို အားထားစိုက်ပျိုးကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)