ပွင့်ဖြူ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှရေကျော်ကျမှု ပြန်လည်ကျဆင်းလာကြောင်း ကြီးအုံကြီးဝတမံမှ ရေကင်းတာဝန်ခံ ဦးစီးအရာရှိ ဦးထွန်းလွင်ထံက သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုလဆန်းပိုင်းက မိုးအဆက်မပြတ် ရွာသွန်းခဲ့သဖြင့် ကြီးအုံကြီးဝတမံအတွင်းမိုးရေဝင်ရောက်မှုများ တိုးလာကာ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေအထက် ရေပိုလွှဲမှ (၁၀)ပေကျော်အထိရေကျော်ကျမှုရှိခဲ့ပြီး ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှုလည်းတစ်ဖြည်းဖြည်း ပြန်လည်ကျဆင်းလာကြောင်း ၊ ယနေ့နံနက် ၇ နာရီအချိန် တိုင်းထွာရာတွင် တမံရေပိုလွှဲမှ(၆) ပေသာ ရေကျော်ကျလျက်ရှိကြောင်း သိရသည်။ အဆိုပါ တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေအားတမံအောက်ဘက်ရှိ ဒေသခံပြည်သူများ အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်ရန် ရေကင်းတာဝန်ခံအရာရှိများ၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ၂၄ နာရီ ရေကင်းစောင့်ကြပ်စစ်ဆေးပြီး နေ့စဉ် အွန်းလိုင်းဖြင့် အသိပေးထုတ်ပြန်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် တမံနှင့် ဆက်စပ် အဆောက်အအုံများလည်း ကြံ့ခိုင်ကောင်းမွန်လျက် ရှိကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်နိုင်သောတမံတစ်ခုဖြစ်ပြီး နှစ်စဉ် ဒေသတွင်းရှိ တောင်သူများ တစ်နှစ်ပတ်လုံး စိုက်ပျိုးရေ ဖူလုံစွာရရှိအောင် မဲဇလီရေလွှဲဆည်သို့ ဆည်ရေများ ပို့လွှတ်ပေးလျက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု ကောင်းမွန်ခဲ့၍ စိုက်ပျိုးရေအလုံအလောက် ဖြန့်ဝေပေးနိုင်မည်ဖြစ်၍ ဒေသခံတောင်သူများအတွက် မိုးသီးနှံအပြင် ဆောင်းသီးနှံနှင့် နွေသီးနှံအတွက် အဆင်ပြေစွာ စိုက်ပျိုး သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )


