ပွင့်ဖြူ ၄ ဩဂုတ်
    

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၉ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်း တောင်သူများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မေလ ၆ ရက်နေ့မှ စတင်ကာ တောင်သူများလက်ဝယ်အရောက် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ယခု ဩဂုတ်လ ၂ ရက်နေ့တွင် မြို့နယ်အတွင်း ကျေးရွာအုပ်စု ၃၈ အုပ်စုမှ တောင်သူပေါင်း ၈၅၀၈ ဦးအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၅၇၁၅၁၀ဝ၀ဝ၀ ထုတ်ချေး ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ ဦးစန်းလွင်ထံမှ သိရသည်။
    

ယခုနှစ်တွင် ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရန် မြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၀ အုပ်စု၊ ကျေးရွာပေါင်း ၂၀၄ ရွာရှိပြီး လျားထားသည့် တောင်သူဦးရေပေါင်း ၁၂၀ဝ၀ ဦးကို ချေးငွေကျပ်သိန်းပေါင်း ၇၆၀ဝ၀ ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
    
တောင်သူများကို ချေးငွေများ ထုတ်ချေးပေးရာတွင် တောင်သူတစ်ဦးချင်းအလိုက် လယ်ယာမြေပုံစံ(၇) မူရင်း တင်ပြနိုင်သော တောင်သူတစ်ဦးချင်း အာမခံစနစ်ဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး ချေးငွေနှုန်းထားအနေဖြင့် စပါးစိုက်ပျိုးမှုအတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲ၊ အခြားသီးနှံအတွက် ငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေးပေးနေကြောင်း သိရကာ မေလ ၆ ရက်နေ့မှ ယခု ဩဂုတ်လ ၂ ရက်နေ့အထိ ကျေးရွာအုပ်စု ၃၈ အုပ်စုမှ တောင်သူ ၅၉၈၁ ဦးအတွက် စပါးစိုက်ပျိုးဧက ၃၆၇၀၂ ဧက၊ နှမ်းစိုက်ပျိုးဧက ၂၀၄၁ ဧက၊ ပဲစင်းငုံစိုက်ပျိုးဧက ၄၁ ဧက၊ ပဲတီစိမ်းစိုက်ပျိုးဧက ၁၆ ဧက စုစုပေါင်း ဧက ၃၈၈၀ဝ ဧကအတွက် စုစုပေါင်း ချေးငွေ ၅၇၁၅၁၀ဝ၀ဝ၀ ကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးစန်းလွင်ထံမှ သိရသည်။ 


ရဲဝင်းနိုင် (ညောင်ဦး)