ပွင့်ဖြူ ဇွန် ၃

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ၂၉၃၈၅ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ၂၉၃၈၅ ဧက စိုက်ပျိုးရန်လျာထားပြီး သတ်မှတ်စိုက်ဧကများ ပြည့်မီအောင် စိုက်ပျိုးနိုင်ရန် ဇွန်လ တတိယပတ်မှ စတင်ပြီး စက်တင်ဘာ လကုန်အထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ် အတွင်း ဆီထွက်သီးနှံစုံ ၂၉၃၈၅ ဧက စိုက်ပျိုးသွားဖို့ လျာထားပါတယ်။ လက်ရှိအချိန်မှာ ဆီထွက်သီးနှံတွေ ဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးနိုင်ဖို့ လယ်ယာမြေ ထွန်ယက်ပြုပြင်တာတွေကို လုပ်ဆောင်နေကြပါတယ်။ ဆီထွက်သီးနှံအလိုက် လျာထားချက် ပြည့်မီ အောင် စိုက်ပျိုးနိုင်ဖို့၊ အထွက်နှုန်းတွေ တိုးတက်စေဖို့ ကြီးကြပ်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

ပွင့်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ စိုက်ပျိုး တောင်သူများကို တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ဧက ပန်းတိုင် အထွက်နှုန်းများ ရရှိစေရေးအတွက် စိုက်ပျိုး ရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသော မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ GAP စိုက်နည်း စနစ်နဲ့အညီ စိုက်ပျိုးရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 

ဆီထွက်သီးနှံများကို အထွက်နှုန်းနှင့် အရည် အသွေးကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ပြည်တွင်း ဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုပါ ပြည်ပ သို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ သီးနှံဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဆီထွက်သီးနှံများကို ဒေသမရွေး တိုးချဲ့ စိုက်ပျိုးနိုင်ရန် ပိုမိုကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြော ကြားသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)