ပွင့်ဖြူ အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ သရက်တောကျေးရွာ၊ ကံဆွယ်ကျေးရွာ၊ ဖလံတောကျေးရွာ၊ ပေတောကျေးရွာ၊ ကျောင်းတော်ရာကျေးရွာ၊ လယ်ကိုင်းကျေးရွာ၊ ကုန်းဇောင်းကျေးရွာ၊ ဇီးကိုင်းကျေးရွာတို့မှ အိမ် ၁၁၀ တစ်စိတ်တစ်ပိုင်း အမိုးလန် ပျက်စီးခဲ့ပြီး အိမ် ၁၃ လုံးမှာ ပြိုလဲပျက်စီးခဲ့ကြောင်း၊ ခန့်မှန်းဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၃၉၅၀၀၀၀ ခန့် ရှိကြောင်း သိရသည်။ ဇီးကိုင်းကျေးရွာတွင် အိမ်ပြိုကျမှုကြောင့် နှစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။
ထိခိုက်ပျက်စီးခဲ့သည့် အိမ်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက လိုအပ်သည်များ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရသူ နှစ်ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင် ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


