ပွင့်ဖြူမြို့နယ်၌ မသန်မစွမ်းသူ ၄၃၄ ဦးအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်

ပွင့်ဖြူ     ၂    ဒီဇင်ဘာ  

  
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ နိုဝင်ဘာ ၃၀ ရက်နေ့က ပွင့်ဖြူမြို့နယ်အတွင်းရှိ မသန်မစွမ်းသူ(၄၃၄)ဦးအား လူမှုကူညီထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ ထောက်ပံ့ငွေများပေးရာတွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၆)အုပ်စုမှ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ ဉာဏ်ရည်မသန်စွမ်းသူ၊ လုံးဝနားမကြား မသန်စွမ်းသူနှင့် မျက်မမြင် မသန်စွမ်းသူ စုစုပေါင်း မသန်မစွမ်းသူဦးရေ ၄၃၄ ဦးအား တစ်နှစ်စာအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း  လူမှုကူညီထောက်ပံ့ငွေကျပ် ၁၃၀၂၀၀၀၀ အား နယ်မြေအလိုက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်မစွမ်းသူများအတွက် ထောက်ပံ့သည့်ငွေများကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များမှတစ်ဆင့် မသန်မစွမ်းသူများကို အိမ်တိုင်ရာရောက် သွားရောက်ပြီး ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် ထံမှ  သိရသည်။   


ရဲဝင်းနိုင် ( ညောင်ဦး )