ပွင့်ဖြူ မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံဖြစ်သည့် မတ်ပဲဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်း ပြီးစီးခဲ့ရာ အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၆ ဒသမ ၃၁ တင်းထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
"ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ မတ်ပဲ ၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ မတ်ပဲစိုက်ခင်းတွေကို ဖေဖော်ဝါရီလကစပြီး ရိတ်သိမ်းခဲ့ရာ လက်ရှိမှာ ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ မတ်ပဲစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးကြဖို့၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်တွေ ရွေးချယ်စိုက်ပျိုးကြဖို့၊ မြေဩဇာတွေကိုလဲ စနစ်တကျသုံးစွဲကြဖို့ အသိပညာပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် သီးနှံရိတ်သိမ်းချိန်မှာလဲ အထွက်နှုန်းများ လျော့နည်းမှုမဖြစ်အောင်၊ လေလွင့်ဆုံးရှုံးမှုတွေ မဖြစ်အောင် အချိန်မီ သီးနှံရိတ်သိမ်းခြွေလှေ့နည်းများကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မတ်ပဲစိုက်ပျိုးတောင်သူများကို သီးနှံအထွက်နှုန်းများ တိုးတက်စေရန် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးရေ စနစ်တကျသုံးစွဲရေး၊ မြေဩဇာနှင့် သွင်းအားစုများ မှန်မှန်ကန်ကန်သုံးစွဲတတ်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ အချိန်မီ သီးနှံရိတ်သိမ်းနည်းပညာများ စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
မတ်ပဲကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးကာ အထွက်နှုန်းများတိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် မတ်ပဲကို ဒေသမရွေးစိုက်ပျိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)


