ပွင့်ဖြူ စက်တင်ဘာ ၂၉

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက မုန်းချောင်းရေ တိုက်စားမှုကြောင့် မုန်းချောင်းကမ်းပါး ပြိုကျမှုများ ဖြစ်ပွားခဲ့သဖြင့် အိမ် ရှစ်လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မုန်းချောင်းရေ မြင့်တက်ကာ ရေတိုက်စားမှု ဖြစ်ပွားခဲ့ပြီး မုန်းချောင်းကမ်းပါး ပြိုကျခဲ့သဖြင့် ပွင့်ဖြူမြို့နယ် ဇီးကိုင်းကျေးရွာအုပ်စု၊ နှောကျင်းကျေးရွာတွင် အိမ်တစ်လုံး၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာတွင် အိမ်သုံးလုံး၊ ကျောင်းစုကျေးရွာတွင် အိမ်လေးလုံး စုစုပေါင်း အိမ်ရှစ်လုံးမှာ ကမ်းပါးနှင့် နီးကပ်လျက်ရှိသည့်အတွက် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရပြီး မုန်းချောင်းကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသည့် လူနေအိမ်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်  ကျေးရွာနေပြည်သူများက ဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ မုန်းချောင်းကမ်းပါး ပြိုကျမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)