ပွင့်ဖြူ ၁၅ ဇွန်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ကျောင်းသားကျောင်းသူများ ၂၀၂၀- ၂၀၂၁ ပညာသင်နှစ်တွင် အခက်အခဲမရှိ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ အခမဲ့ ထောက်ပံ့ပေးသည့် ကျောင်းသုံးဗလာစာအုပ်များကို ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ခံမူလတန်းကျောင်းအုပ် ဆရာ၊ ဆရာမများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အခြေခံပညာမူလတန်းကျောင်းပေါင်း ၁၆၉ ကျောင်းရှိပြီး ယခု ၂၀၂၀- ၂၀၂၁ ပညာသင်နှစ်တွင် နိုင်ငံတော်အစိုးရမှ Grade – 1 မှ Grade – 4 အထိ ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ တက်ရောက်ပညာသင်ကြား နိုင်ရေးအတွက် ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးဗလာစာအုပ် (၆)အုပ်စီ အခမဲ့ ထောက်ပံ့ပေးကြောင်း သိရပြီး ယနေ့ နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ခံလက်ထောက်ကြီးကြပ်ရေးမှူး ဦးဘုန်းဝင်းထွန်းနှင့် ပညာရေးဝန်ထမ်းများ အဖွဲ့က မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများအလိုက် တာဝန်ခံကျောင်းအုပ်ဆရာ၊ ဆရာမများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ယခု ထောက်ပံ့ပေးတဲ့ ကျောင်းသုံးဗလာစာအုပ်တွေက နိုင်ငံတော်အစိုးရက ၂၀၂၀- ၂၀၂၁ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ မူလတန်းအဆင့် ကျောင်းသားကျောင်းသူတွေကို အခက်အခဲမရှိ ပညာသင်ကြားနိုင်စေရန်အတွက် အခမဲ့ ထောက်ပံ့ပေးတဲ့ ကျောင်းသုံးဗလာစာအုပ်တွေ ဖြစ်ပါတယ်။ အခမဲ့ ထောက်ပံ့ပေးတဲ့နေရာမှာလည်း KG - တန်းတွေအတွက် မပါဘူး။ Grade– 1 မှ Grade– 4 အထိ မူလတန်းအဆင့် ကျောင်းသားကျောင်းသူတွေကိုသာ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးဗလာစာအုပ် (၆)အုပ်စီ အခမဲ့ ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးတဲ့ ကျောင်းသုံးဗလာစာအုပ် စုစုပေါင်း ၁၀၇၇၇ ဒါဇင် ရရှိတာဖြစ်ပြီး ကျောင်းဖွင့်ချိန်အမီ ထောက်ပံ့ပေးနိုင်ရေးအတွက် နောက်နေ့တွေမှာလည်း ဆက်လက်ထောက်ပံ့ ပေးသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ခံလက်ထောက်ကြီးကြပ်ရေးမှူး ဦးဘုန်းဝင်းထွန်းက ပြောသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


