ပွင့်ဖြူ  ၃၀ မေ

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ ပွင့်ဖြူမြို့နယ်၌ ပြည်သူများ အပြင်သွားလာရာတွင် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်သွားလာသည့် အလေ့အကျင့်များ ရရှိစေရေးအတွက် ပွင့်ဖြူ- မင်းဘူး- စလင်းသွားကားလမ်း နှာခေါင်းစည်းမတပ်ဘဲ မြို့တွင်းဖြတ်သန်းသွားလာ သည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို မေ ၃၀ ရက် ယနေ့ နံနက် ၉ နာရီက စစ်ဆေးအရေးယူခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ နှာခေါင်းစည်းမတပ်ဘဲ အပြင်သွားလာသူများကို စစ်ဆေးအရေးယူခြင်းကို မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး နေ့စဉ် မနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ် စစ်ဆေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရကာ ယနေ့ နံနက်ပိုင်းက ပွင့်ဖြူ- မင်းဘူး- စလင်း သွားကားလမ်း သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တို့တွင် စုရပ်ပြုလုပ်၍ မြို့တွင်းဖြတ်သန်းသွား လာသည့် မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ထော်လာဂျီများနှင့် မော်တော်ယာဉ်များအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ / မရှိ ရပ်တန့်စစ်ဆေးကာ နှာခေါင်းစည်းတပ်ခြင်းမရှိသူများအား နှာခေါင်းစည်းတစ်ခုလျှင် ငွေကျပ် တစ်ထောင်နှုန်းဖြင့် ရောင်းချပြီး လက်တွေ့တပ်ဆင်အရေးယူခြင်းများ ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 “ကျွန်တော်တို့မြို့နယ်မှာ ကိုဗစ်- ၁၉ ရောဂါနဲ့ ပက်သက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့် အညီ ပြည်သူတွေ အပြင်သွားလာရာမှာ နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာစေဖို့ ယခုလို စစ်ဆေးအရေးယူ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ပြည်သူတွေ အပြင်သွားလာရာမှာ နှာခေါင်းစည်း တပ်ဆင်သွားလာခြင်း ရှိ/ မရှိ ကြပ်မတ်စစ်ဆေးခြင်းလုပ်ငန်းကိုတော့ မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ပြီးတော့ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပါဝင်တဲ့ အဖွဲ့စုံနဲ့ ကြပ်မတ်စစ်ဆေး အရေးယူတာဖြစ်ပြီး နေ့စဉ် မနက်တစ်ကြိမ်၊ ညနေပိုင်း တစ်ကြိမ် ပြုလုပ်ဆောင်ရွက်တာဖြစ်ပါတယ်။ ယခုလို ဆောင်ရွက်တဲ့အခါမှာ ပြည်သူတွေတော်တော်များများ နှာခေါင်းစည်းများ တပ်ဆင်သွားလာတာကို တွေ့မြင်လာရပါတယ်။ ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့ မြို့နယ်အနေနဲ့ ပြည်သူတွေ ကိုဗစ်- ၁၉ ရောဂါကင်းဝေးစေရေးအတွက် တိုင်းဒေသကြီးအစိုးအရအဖွဲ့၏ လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကိုကိုအောင်က ပြောသည်။   

 

ရဲဝင်းနိုင် (ညောင်ဦး)

 

mdn