ပွင့်ဖြူ  ၊  ၁၄   ဇန်နဝါရီ   

  

မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေး အတွက် ဖေဖော်ဝါရီ ၁၆ ရက်တွင် မဲဇလီရေလွှဲဆည်မှ မြောက်မုန်း မြောင်းမကြီးသို့  စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက် သွားမည်ဖြစ်ပြီး နွေစပါးသီးနှံ စိုက်ဧကအနေဖြင့် စုစုပေါင်း ၁၉၈၀၄ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တောင်သူများ ရာသီအလိုက် သီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေ ဖူလုံစေရေးအတွက် နှစ်စဉ် မဲဇလီ ရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းကြီး တို့မှတစ်ဆင့် လယ်ယာမြေ စိုက်ခင်းများအရောက် ပို့လွှတ်ဖြန့်ဝေ ဆောင်ရွက်ပေးလျက်ရှိရာ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း တောင်သူများ  သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၆ ရက်တွင် စိုက်ပျိုးရေများ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ စိုက်ပျိုးရေ ပို့လွှတ်မည့် ရေလက်တံမြောင်းများအတွင်း ရေစီးရေလာ ကောင်းမွန်စေရန် နုန်းသဲမြေများ ဆယ်ယူရှင်းလင်းခြင်း၊ ရေမြိတ်များနှင့် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းများအပြင် နွေသီးနှံစိုက်ပျိုး လယ်မြေများ စိုက်ပျိုးရေမျှတစွာ ရရှိရေး အတွက် ရေလက်တံမြောင်းများအား အသစ်ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင် ထံမှ သိရသည်။

 

ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန အနေနဲ့ မြို့နယ်အတွင်းရှိ တောင်သူတွေ နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၆ ရက်မှာ မဲဇလီရေလွှဲဆည်ကနေ စိုက်ပျိုးရေ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ မိုးရွာသွန်းမှု လျော့နည်းပြီး ဆည်ရေအဝင်နည်းတဲ့အတွက် မြောက်မုန်းမြောင်းမကြီးက တောင်သူတွေကိုပဲ နွေစပါးနဲ့ အခြားနွေသီးနှံ စိုက်ပျိုးလို့ ရအောင် ပေးဝေသွားမှာဖြစ်ပါတယ်။ တောင်မုန်းမြောင်းမကြီးက တောင်သူတွေကိုတော့ နွေနှမ်းသီးနှံအတွက်ပဲ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ အလှည့်ကျစနစ်နဲ့ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ် ဟု ဦးစီးအရာရှိ ဦးရဲထွဋ်အောင် က ဆက်လက်ပြောပြသည်။

 

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်၌  ၂၀၂၀ - ၂၀၂၁ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါး သီးနှံ စိုက်ပျိုးဧက ၁၉၈၀၄ ဧကနှင့် နွေနှမ်းစိုက်ပျိုးဧက ၃၁၆၆၀ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။ 

 

ရဲဝင်းနိုင်(ညောင်ဦး )