ပွင့်ဖြူ ဇွန် ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် နွေနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေနှမ်းစိုက်ခင်းများတွင် မိုးသီးနှံ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေ့စားအလုပ်သမားများကို ငှားရမ်းလုပ်ကိုင်ရ၍ နှမ်းရိတ်အငှားလိုက်သူများ နေ့စဉ်မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေနှမ်းစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေး အထောက်အကူပြုစေရန်အတွက် တစ်မြို့နယ်လုံး နွေနှမ်းစိုက်ဧက ၆၀၉၂၈ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း သိရကာ ဒေသခံတောင်သူများ နွေနှမ်းအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးခဲ့သဖြင့် နွေနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ယခုအခါ တောင်သူများ စိုက်ပျိုးသည့်နွေနှမ်းစိုက်ခင်းများမှာ အသီးများရင့်မှည့်လာပြီဖြစ်၍ တောင်သူများက နွေနှမ်းစိုက်ခင်းများတွင် မိုးသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေ့စားအလုပ်သမားငှားရမ်း၍ ရိတ်သိမ်းနေကြကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ရှိ အညာကျေးလက်ဒေသတွေမှာ မဲဇလီရေလွှဲဆည်ရေနဲ့ စိုက်ပျိုးတဲ့ နွေနှမ်းစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်လို့ ဒေသခံတောင်သူတွေက နွေနှမ်းစိုက်ခင်းတွေမှာ မိုးသီးနှံ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး စတင်သိမ်းဆည်းနေကြပြီ ဖြစ်ပါတယ်။ နွေနှမ်းစိုက်ခင်းတွေ သိမ်းဆည်းခြင်းကို ကျေးရွာတွေက နေ့စားအလုပ်သမားတွေကို ငှားရမ်းပြီး ရိတ်သိမ်းကြတဲ့အတွက် နှမ်းရိတ်အငှားလိုက်တဲ့သူတွေ နေ့စဉ်ဝင်ငွေရရှိပြီး အဆင်ပြေနေကြတယ်။ နှမ်းရိတ်ခက နေ့စားနဲ့ လုပ်တာရှိသလို ပုပ်ပြတ်ရိတ်တာလည်း ရှိတယ်။ နေ့စားဆိုရင် အမျိုးသား၊ အမျိုးသမီး တစ်ဦးကို တစ်မနက် ၂၀၀၀ နှုန်း၊ တစ်နေကုန် ၄၀၀၀ နှုန်းနဲ့ ငှားရမ်းရပြီး ပုပ်ပြတ်ဈေးက တစ်ဧကကို ငွေကျပ် ၄၀၀၀၀ နှုန်းပေးရတယ်။ နှမ်းဖြူက စိုက်ပြီး ရက်ပေါင်း ၇၅ ရှိရင် သိမ်းဆည်းရတယ်။ ဒီနှစ် တောင်သူတွေ မဲဇလီ ရေလွှဲဆည်ရေနဲ့ စိုက်ပျိုးတဲ့ နှမ်းစိုက်ခင်းတွေက အောင်မြင်ဖြစ်ထွန်းပြီး ပိုးမွှားကြောင့် ထိခိုက်ပျက်စီးမှုလည်း မရှိတော့ တစ်ဧကကို အနည်းဆုံး ၁၅ တင်းခန့်လောက် ထွက်ရှိနိုင်တယ်ဗျ။ လက်ရှိမှာတော့ နှမ်းဖြူ ပေါ်ဦးပေါ်စ တစ်တင်းကို ငွေကျပ် ၅၇၀၀၀ နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ နှမ်းဈေးကလည်းကောင်းတော့ စိုက်ပျိုးတဲ့တောင်သူတွေအတွက် အဆင်ပြေသလို ခုလို နှမ်းရိတ်သိမ်းချိန်မှာ နေ့စားနှမ်းရိတ် အငှားလိုက်တဲ့သူတွေလည်း နေ့စဉ် အလုပ်နဲ့လက်မပျက် လုပ်ကိုင်ရလို့ မိသားစုဝင်ငွေရရှိလို့ အဆင်ပြေကြပါတယ်” ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ နွေနှမ်းစိုက်ပျိုး တောင်သူ ဦးကျော်ဆန်းက ပြောသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)