ပွင့်ဖြူ       ၁  မတ်     

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ နွေနှမ်းအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ မြောက်မုန်းမြောင်းမကြီးအား စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ထိုသို့ စိုက်ပျိုးရေများဖြန့်ဝေရာတွင် စိုက်ပျိုးရေပို့လွှတ်မည့် ရေလက်တံမြောင်းများအတွင်း ရေမြိတ်များနှင့် ခြုံနွယ်ပိတ်ပေါင်းများ ပိတ်ဆို့မှုမဖြစ်စေရန်နှင့် နွေသီးနှံ စိုက်ပျိုးလယ်မြေများ စိုက်ပျိုးရေမျှတစွာ ရရှိရေးအတွက်  ကြိုတင်၍ ရေလက်တံမြောင်းများအား ရှင်းလင်းထားရှိနိုင်ရေး တောင်သူများကို အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

“တောင်သူတွေကို စိုက်ပျိုးရေဖြန့်ဝေမှုအနေနဲ့ ခါတိုင်းနှစ်တွေက မဲဇလီရေလွှဲဆည်ကနေ ပို့လွှတ်တဲ့ဆည်ရေကို တောင်မုန်း မြောင်းမကြီးနဲ့ မြောက်မုန်းမြောင်းမကြီး နှစ်ခုလုံးကို နွေစပါးနဲ့ အခြားနွေသီးနှံစိုက်ပျိုးနိုင်အောင် ပို့လွှတ်ပေးနိုင်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ ဆည်ရေအဝင်နည်းတဲ့အတွက် တောင်သူတွေ အခက်အခဲဖြစ်မှာစိုးလို့ တောင်မုန်းမြောင်းမကြီးက တောင်သူတွေကို ဖေဖော်ဝါရီ ၁၅ ရက်က နွေစပါးနဲ့ အခြားနွေသီးနှံ စိုက်ပျိုးလို့ရအောင် ဆည်ရေပေးဝေခဲ့ပါတယ်။ ယနေ့ မနက်ပိုင်းမှာ မြောက်မုန်းမြောင်းမကြီးတစ်လျှောက်ရှိ နွေနှမ်းစိုက်ပျိုးမယ့် တောင်သူတွေအတွက် ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။ ဒီလိုပေးဝေခြင်းဟာလည်း အလှည့်ကျစနစ်နဲ့ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။ လာမည့်နှစ်မှာဆိုရင် မြောက်မုန်းမြောင်းမကြီးက တောင်သူတွေကို နွေစပါးနဲ့ အခြားနွေသီးနှံ စိုက်ပျိုးနိုင်အောင် ပေးဝေသွားမှာဖြစ်ပြီး တောင်မုန်းမြောင်းမကြီးက တောင်သူတွေကို နွေနှမ်းသီးနှံအတွက် ပေးဝေသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်း က ပြောသည်။

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ ရာသီအလိုက် သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် ပို့လွှတ်ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ -၂၀၂၀ ခုနှစ် ၊ နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးစိုက်ပျိုးဧက ၁၄၃၈၀ ဧက နှင့် နွေနှမ်းစိုက်ပျိုးဧက ၄၀၀၇၇ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)

 

g