ပွင့်ဖြူ    ၁၅  ဖေဖော်ဝါရီ       

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီလ ၁၅ ရက်၊ ယနေ့နံနက် ၉ နာရီကစတင်ကာ ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ တောင်မုန်းမြောင်းမကြီးအား စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ ရာသီအလိုက် သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းကြီးတို့မှ တစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် ပို့လွှတ်ဖြန့်ဝေ ဆောင်ရွက်ပေး လျက်ရှိရာ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေ လျက်ရှိကြောင်း သိရသည်။ ယခု ၂၀၁၉ - ၂၀၂၀ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း မြို့နယ်အတွင်း တောင်သူများ  သီးနှံအချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းကစတင်၍ တောင်သူများ နွေသီးနှံစိုက်ပျိုးနိုင်ရေး ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ ထိုသို့ စိုက်ပျိုးရေများဖြန့်ဝေရာတွင် စိုက်ပျိုးရေပို့လွှတ်မည့် ရေလက်တံမြောင်းများအတွင်း ရေမြိတ်များနှင့် ခြုံနွယ်ပိတ်ပေါင်းများ ပိတ်ဆို့မှုမဖြစ်စေရန်နှင့် နွေသီးနှံစိုက်ပျိုးလယ်မြေများ စိုက်ပျိုးရေမျှတစွာ ရရှိရေး အတွက်  ကြိုတင်၍ ရေလက်တံမြောင်းများအား ရှင်းလင်းထားရှိနိုင်ရေး တောင်သူများကို အသိပေးနှိုးဆော်ထားကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်း ထံမှ သိရသည်။ 

 

‌ေ

 

ယခု ၂၀၁၉ - ၂၀၂၀ ခုနှစ် ၊ နွေသီးနှံစိုက်ပျိုးရာသီမှာ “ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ နွေသီးနှံ အချိန်မီစိုက်ပျိုးသွားနိုင်ရေး ကြိုတင်ပြီးတော့ တောင်သူများကို ရေလက်တံမြောင်းများ ပိတ်ဆို့မှုမရှိအောင် ရှင်းလင်းထားဖို့နဲ့ လယ်ယာမြေများ ပြုပြင်ဆောင်ရွက်ထားဖို့အတွက် ရေပေးဝေမည့်ရက်ကို အသိပေး အကြောင်းကြားထားပြီးဖြစ်လို့ ယနေ့ နံနက်ပိုင်း စိုက်ပျိုးရေဖြန့်ဝေပေးရာမှာ အားလုံးအဆင်ပြေပါတယ်။ တောင်သူတွေကို စိုက်ပျိုးရေဖြန့်ဝေမှုအနေနဲ့ ခါတိုင်းနှစ်တွေက မဲဇလီရေလွှဲဆည်ကနေ ပို့လွှတ်တဲ့ ဆည်ရေကို တောင်မုန်းမြောင်းမကြီးနဲ့ မြောက်မုန်းမြောင်းမကြီး နှစ်ခုလုံးကို နွေစပါးနဲ့ အခြား နွေသီးနှံ စိုက်ပျိုးနိုင်အောင် ပို့လွှတ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုနှစ်မှာတော့ ဆည်ရေအဝင်နည်းတဲ့အတွက် တောင်သူတွေ အခက်အခဲဖြစ်မှာစိုးလို့ တောင်မုန်းမြောင်းမကြီးက တောင်သူတွေကိုပဲ နွေစပါးနဲ့ အခြားနွေသီးနှံ စိုက်ပျိုးလို့ရအောင် ပေးဝေတာဖြစ်ပြီး မြောက်မုန်းမြောင်းမကြီးက တောင်သူတွေကိုတော့ နွေနှမ်းသီးနှံအတွက်ပဲ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို ပေးဝေခြင်းဟာလည်း အလှည့်ကျစနစ်နဲ့ ဖြန့်ဝေသွားမှာဖြစ်ပါတယ်။ လာမည့်နှစ်မှာဆိုရင် မြောက်မုန်းမြောင်းမကြီးက တောင်သူတွေကို နွေစပါးနဲ့ အခြားနွေသီးနှံ စိုက်ပျိုးနိုင်အောင် ပေးဝေသွားမှာဖြစ်ပြီး တောင်မုန်း မြောင်းမကြီးက တောင်သူတွေကို နွေနှမ်းသီးနှံအတွက် ပေးဝေသွားမှာဖြစ်ပါတယ်။ ယခုနှစ် မြောက်မုန်း မြောင်းမကြီးက နွေနှမ်းစိုက်ပျိုးတောင်သူများကိုတော့ မတ်လ ၁ ရက်နေ့မှာ စိုက်ပျိုးရေဖြန့်ဝေပေးသွား မှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်းက ပြောသည်။ 

 

‌ေ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၉ - ၂၀၂၀ ခုနှစ် ၊ နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးစိုက်ပျိုးဧက ၁၄၃၈၀ ဧက နှင့် နွေနှမ်းစိုက်ပျိုးဧက ၄၀ဝ၇၇ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)