mdn

ပွင့်ဖြူ        စက်တင်ဘ        ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေနှင့် မြေအောက်ရေကို စနစ်တကျ အသုံးချပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ်တွင် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ငှက်ပျော အထွက်နှုန်း ကောင်းမွန်သော်လည်း ဈေးကောင်းမရရှိသဖြင့် သီးနှံဝင်ငွေနည်းပါးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ရှိ ငှက်ပျောစိုက်ပျိုး တောင်သူများထံမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဒေသခံကျေးလက်နေတောင်သူများမှာ (နွေ ၊ မိုး ၊ ဆောင်း ) ရာသီမပြတ် စိုက်ပျိုးရေးလုပ်ငန်းအား စီးပွားဖြစ်လုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ နှမ်း၊ ကုလားပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲသီးနှံနှင့် စားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြသည်။ အချို့ တောင်သူများမှာ ဥယျာဉ်ခြံမြေများ ပြုလုပ်ကာ ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျော၊ ရခိုင်ငှက်ပျောတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည်။ 

ပွင့်ဖြူမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက်ပျိုးတောင်သူတစ်ဦးက “ငှက်ပျောအထွက်နှုန်း ကောင်းပေမယ့် ဈေးကောင်းမရလို့ တွက်ချေမကိုက်ကြဘူး။  ပြီးခဲ့တဲ့ နွေတုန်းကတော့ ငှက်ပျောဈေးကွက်က ဖီးကြမ်း တစ်ဖီးကို ငွေကျပ် ၉၀၀၊ ၁၀၀၀ ရောင်းရပါတယ်။  အခု မိုးတွင်းပိုင်းမှာတော့ ဈေးက ပြန်ကျသွားတယ်၊ တစ်ဖီးကို ငွေကျပ် ၆၀၀၊ ၇၀၀ လောက်ပဲ ရောင်းနေရတယ်။ ငှက်ပျောဈေးကွက် မကောင်းတဲ့အတွက် စိုက်ပျိုး တောင်သူတွေရော၊ တစ်ဆင့်ပြန်လည်ရောင်းချတဲ့ ဈေးသည်တွေရော လုပ်ငန်းအဆင်မပြေကြပါဘူး” ဟု ပြောပြသည်။ 

ရဲဝင်းနိုင်(ညောင်ဦး)