ပွင့်ဖြူ  ၁၆  ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ငရုတ်စိုက်ပျိုးတောင်သူများ ယခုနှစ်တွင် ငရုတ်(အခြောက်) တစ်ပိသာလျှင် ငွေကျပ် ၆၀ဝ၀ နှုန်းဖြင့် ရောင်းချရ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ညောင်ကုန်း ကျေးရွာမှ ငရုတ်စိုက်တောင်သူများထံမှ သိရသည်။

 

ဒီနှစ် ငရုတ်ဈေးကောင်းလို့ လုပ်ငန်းအဆင်ပြေကြတယ်။ ခါတိုင်းနှစ်က ငရုတ်သီးနှံပေါ်ချိန်မှာ ငရုတ်(အစို) တစ်ပိသာကို ငွေကျပ် ၁၂၀ဝ ခန့်နှင့် ငရုတ် (အခြောက်) တစ်ပိသာကို ငွေကျပ် ၄၀ဝ၀ ဝန်းကျင်ခန့်သာရောင်းချရပြီး ယခုနှစ်မှာ ငရုတ်(အစို)တစ်ပိသာကို ငွေကျပ် ၁၅၀ဝ၊ ၂၀ဝ၀ ခန့်နှင့် ငရုတ် (အခြောက်) တစ်ပိသာကို ငွေကျပ် ၆၀ဝ၀ ဈေးနှုန်းဖြင့် ရောင်းချရပြီး ဈေးကောင်းရရှိလို့ စီးပွားရေး တွက်ခြေကိုက်ကာ လုပ်ငန်းအဆင်ပြေတယ်ဟု ညောင်ကုန်းကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

 

8520

 

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများသည် မုန်းချောင်းဘေးတစ်လျှောက် ကိုင်းမြေနှင့် ကျွန်းမြေများတွင် မုန်းချောင်းရေဖြင့် ဆီထွက်သီးနှံ မြေပဲ၊ နေကြာနှင့် ဟင်းသီးဟင်းရွက် သီးနှံစားပင်များဖြစ်သည့် ခရမ်းချဉ်၊ ပြောင်းဖူး၊ ငရုတ်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြလျက်ရှိသည်။

 

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရန်၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိနိုင်ရန်နှင့် သီးနှံစိုက်ခင်းများ ရေဝင်နစ်မြှုပ်မှု မဖြစ်စေရေးအတွက် ယခုနှစ်တွင် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တောင်မုန်းမြောင်းမကြီးနှင့် မြောင်းမုန်းမြောင်းမကြီးတို့တွင် ရေဆိုးထုတ်မြောင်းများ တူးဖော်ခြင်းနှင့် စိုက်ပျိုးရေပို့လွှတ်သည့် ရေလက်တံမြောင်းများကောင်းမွန်ရေး အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်သူလင်းထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)