ပွင့်ဖြူ ၂၃ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးတောင်သူများ သီးနှံစိုက်ပျိုးရာသီတွင် မိုးခေါင်ခဲ့မှုကြောင့် သီးနှံအထွက်နှုန်း ကျဆင်းသည့်အပြင် ယခင်နှစ်ထက် ဈေးနှုန်းကျဆင်းနေ၍ စီးပွားရေးတွက်ခြေမကိုက် ဖြစ်နေကြကြောင်း ညောင်ပင်စောက်ကျေးရွာမှ ပဲထောပတ်သီးနှံ စိုက်ပျိုးတောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ရှိ ကျေးလက်နေတောင်သူများဟာ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ အဓိကစိုက်ပျိုးတဲ့ သီးနှံကတော့ စပါးနဲ့ နှမ်းကို အားထားစိုက်ပျိုးကြတာဖြစ်ပြီး တစ်ခြား ဈေးကွက်ကောင်းတဲ့ သီးနှံတွေဖြစ်တဲ့ ပဲထောပတ်၊ ပဲတီစိမ်း၊ ကုလားပဲ၊ နေကြာ၊ ဖူးစားပြောင်းများကို စိုက်ပျိုးပါတယ်။ ယခုနှစ်မှာတော့ မြို့နယ်က ပဲထောပတ်သီးနှံ စိုက်ပျိုးတောင်သူတွေ သီးနှံစိုက်ပျိုးရာသီမှာ မိုးခေါင်မှုတွေဖြစ်ခဲ့လို့ သီးနှံအထွက်နှုန်း ကျဆင်းသွားပါတယ်။ မနှစ်ကဆိုရင် ပဲထောပတ်သီးနှံ စိုက်ပျိုးတောင်သူတွေ တစ်ဧကကို အနည်းဆုံး တင်းရေ ၃၅ တင်းမှ တင်း ၄၀ အထိ ထွက်ရှိပြီး ဒီနှစ်မှာ တစ်ဧကကို ၂၅ တင်းတောင် တောင်သူတိုင်း မထွက်ကြပါဘူး။ သီးနှံဈေးနှုန်းကလည်း ပြီးခဲ့တဲ့နှစ်က တစ်တင်းကို ငွေကျပ် ၃၇၀၀၀ အထိ ရောင်းချရပြီး ယခု ပဲထောပတ်သီးနှံတွေ ပေါ်တဲ့အချိန်မှာ တစ်တင်းကို ငွေကျပ် ၂၃၀၀၀ ပဲ အရောင်းအဝယ်ရှိပါတယ်။ ဒါ့ကြောင့် ယခုနှစ်မှာ ကျွန်တော်တို့မြို့နယ်က ပဲထောပတ် သီးနှံစိုက်ပျိုးတောင်သူတွေ သီးနှံအထွက်နှုန်း ကျဆင်းတဲ့အပြင် ရောင်းရတဲ့ ဈေးနှုန်းကလည်း ကျဆင်းသွားတာကြောင့် စီးပွားရေတွက်ခြေမကိုက်ဘူး ဖြစ်နေပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ပဲထောပတ်သီးနှံ စိုက်ပျိုးတောင်သူ ဦးကျော်ဆန်း က ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ယခင်နှစ်က ပဲထောပတ်သီးနှံ ဈေးနှုန်းကောင်းမွန်တာကြောင့် မြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများ ပဲထောပတ်သီးနှံကို စီးပွားဖြစ်အားထားစိုက်ပျိုးခဲ့ကြပြီး သီးနှံစိုက်ပျိုးရာသီကာလတွင် မိုးခေါင်ခဲ့မှုကြောင့် သီးနှံအထွက်နှုန်း ကျဆင်းခဲ့သည့်အပြင် လက်ရှိ ပဲထောပတ်သီးနှံ ပေါ်ဦးပေါ်ဖျား အရောင်းအဝယ်ဈေးနှုန်းမှာလည်း ယခင်နှစ်ထက် တစ်ဝက်နီးပါး ကျဆင်းနေသည့်အတွက် ပဲထောပတ်သီးနှံ စိုက်ပျိုးတောင်သူများအနေဖြင့် အကျိုးအမြတ် နည်းပါးလျက်ရှိနေကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


