ပွင့်ဖြူ       ဧပြီ       ၁၂

           

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများ ခရီးသွားလာရာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပါ / မပါ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ၊ ဧပြီ ၁၂ ရက် နံနက်ပိုင်းက မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးနှင့် ဝန်ထမ်းများ ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဖြတ်သန်းသွားလာသော ခရီးသည် ပို့ဆောင်ရေးယာဉ်များ၊ ကုန်တင်ယာဉ်ကြီးများ၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်စီးနင်းသွားလာသူများကို ရပ်တန့်စစ်ဆေးပြီး ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပါ / မပါ ကြည့်ရှုစစ်ဆေးပြီး ခရီးသွားပြည်သူများ အနေဖြင့် မြို့နယ်ပြင်ပသို့ ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပေးထားသော နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသားကတ်၊ ပြုနိုင်ငံသားကတ်များကို တစ်ပါတည်းယူဆောင်ပြီး ခရီးသွားလာကြရန်၊ နိုင်ငံသားကတ်ပြား မပြုလုပ်ရသေးပါက ရရှိအောင် ဆောင်ရွက်သွားကြရန် အသိပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။

           

ယခုကဲ့သို့ ခရီးသွားပြည်သူများအား အပြင်သွားလာရာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်သွားလာကြရန် အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

                                                                                                                 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )