ပွင့်ဖြူ၊ ၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ယာဉ်တိုက်မှု အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ သွားလာတတ်စေရန် ရည်ရွယ်၍ အမှတ်(၄)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ တာဝန်ခံ ရဲတပ်ကြပ်ကြီး ဝင်းဆန်း ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များက နယ်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ဇန်နဝါရီ ၁ ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့အဝင် လေးတိုင်စင်မီးပွိုင့်လမ်းဆုံနေရာတွင် စုရပ်ပြုလုပ်၍ စက်တပ်ယာဉ်များ စီးနင်းသွားလာသော ဒေသခံပြည်သူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ တာဝန်ခံ ရဲတပ်ကြပ်ကြီးဝင်းဆန်း ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အတူ ပွင့်ဖြူမြို့အဝင် လေးတိုင်စင်မီးပွိုင့်လမ်းဆုံ နေရာတွင် စုရပ်ပြုလုပ်ကာ ပွင့်ဖြူ - စလင်း - မင်းဘူး - မကွေး သွားကားလမ်းမတစ်လျှောက် ဖြတ်သန်းသွားလာသော မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများအား ရပ်တန့် စေပြီး ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသွားပြည်သူများကို ယာဉ်တိုက်မှုအန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ မောင်းနှင်သွားလာရေး၊ မြို့တွင်း ဖြတ်သန်းသွားလာရာတွင် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း မပြုရေး ၊ မီးပွိုင့်နေရာများတွင် ဆင်ခြင်သတိပြု မောင်းနှင်သွားလာကြရန်၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျ တပ်ဆင်၍ မောင်းနှင်ကြ ရန်နှင့် နှစ်ဦးထက် ပိုမိုစီးနင်းသွားလာခြင်းများ ရှောင်ကြဉ်ကြရန် စသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိ ပညာပေး ဆွေးနွေးဟောပြောပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဉပဒေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
ယခုကဲ့သို့ မြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှုအန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ တာဝန်ခံ ရဲတပ်ကြပ်ကြီး ဝင်းဆန်း ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး အပတ်စဉ်(စနေ၊ တနင်္ဂနွေ)နေ့တိုင်း စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရုံးဖွင့်ရက်များဖြစ်သည့် တနင်္လာနေ့မှ သောကြာနေ့ အထိ စည်းကမ်းပျက်ယာဉ်များအား ကြပ်မတ်စစ်ဆေး အရေးယူခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ တာဝန်ခံ ရဲတပ်ကြပ်ကြီးဝင်းဆန်း ထံက သိရသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )


