ပွင့်ဖြူ ဧပြီ ၂၅

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးရာသီနှင့် ဆောင်းရာသီ နေကြာသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေကြာသီးနှံ ဧကသုံးသောင်းကျော် လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက်ဧရိယာ အများဆုံးစိုက်ပျိုးသည့် မြို့နယ်ဖြစ်ကာ ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းသည့်အတွက် တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ထိုသို့ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် အခြေခံစိုက်ပျိုးရေးနည်းစနစ်များ၊ သွင်းအားပစ္စည်း အချိုးကျသုံးစွဲပုံနည်းစနစ်များ၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် သီးနှံများ ရိတ်သိမ်းချိန်တွင် အထွက်နှုန်း လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် အချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ အသိပညာပေးလုပ်ငန်းနှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

ယခုလာမည့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးစရိတ်ကုန်ကျမှု နည်းပါးသော နေကြာသီးနှံကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံစေရေး၊ ပြည်ပစားသုံးဆီ တင်သွင်းရောင်းချ/သုံးစွဲမှု လျော့ကျစေရေး၊ တောင်သူတစ်ဦးချင်း သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် မြို့နယ်အတွင်း ကျေးရွာအုပ်စု (၅၂)အုပ်စု၌ မိုးသီးနှံနေကြာစိုက်ဧက ၄၇၆၆ ဧက၊ ဆောင်းသီးနှံ နေကြာစိုက်ဧက ၃၁၉၄၆ စုစုပေါင်း နေကြာသီးနှံစိုက်ဧက ၃၆၇၁၂ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)