ပွင့်ဖြူ ၃ အောက်တိုဘာ
၂၀၁၉ - ၂၀၂၀ ခုနှစ် မိုးရာသီတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ် ကာကွယ်နိုင်ရေးအတွက် တည်ထောင်စိုက်ပျိုးထားသည် ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းကျေးရွာ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီ က ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မော်နှင့် ဝန်ထမ်းများအဖွဲ့က သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မော်နှင့် ဝန်ထမ်းများအဖွဲ့သည် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်အတွက် ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း တည်ထောင်စိုက်ပျိုးထားရှိမှုများ၊ သစ်တော ပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဉတုပြောင်းလဲမှု ဂေဟစနစ်ကို ထိန်းညှိပေးနိုင်ရေးနှင့် မုန်းချောင်းအနီးကျေးရွာများတွင် မုန်းချောင်းကမ်းပြိုကျမှုအန္တရာယ် ကင်းဝေးစေရေး ကြိုးဝိုင်း သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးထားရှိမှုများ၊ သစ်တောသစ်ပင်များ မပြုန်းတီးရေး စည်းကမ်းမဲ့ ခုတ်လှဲခြင်းများ မပြုလုပ်ရန် ရှောင်ကြဉ်ရမည့် အချက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများအဖွဲ့သည် ၂၀၁၉ - ၂၀၂၀ ခုနှစ် မိုးရာသီတွင် ကျစ်ကိုင်းကျေးရွာနေ ပြည်သူများနှင့် ပူးပေါင်း၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း (၂၁၈ ဒသမ ၃၃)ဧကအတွင်း ယူကလစ်၊ ကျွန်း၊ လျှော်ဖြူ ၊ ဝါး စသည့် အရိပ်ရပျိုးပင် စုစုပေါင်း ၃၂၇၄၉ ပင် စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအနေဖြင့် စိုက်ခင်း အတွင်းရှိ အရိပ်ရသစ်ပင်များ ကြီးထွားဖွံ့ဖြိုးရေး ကျွဲ၊ နွား တိရစ္ဆာန်များ ဝင်ရောက်ဖျက်ဆီးမှုများနှင့် တောမီးလောင်မှုများ မဖြစ်စေရေးအတွက် စနစ်တကျ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)