ပွင့်ဖြူ ၁၃ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးပို့သော ဆန္ဒပြုမဲလက်မှတ်များ ရောက်ရှိလာမှုအား မြို့နယ်အတွင်း သက်ဆိုင်ရာမဲရုံနယ်မြေအလိုက် ခွဲဝေပေးနိုင်ရေး ယနေ့ နံနက် ၈ နာရီခွဲက ဆန္ဒပြုမဲလက်မှတ်များ စိစစ်ရေတွက်ခြင်းလုပ်ငန်းကို ပွင့်ဖြူမြို့မရဲစခန်းဝန်းအတွင်း၌ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲအတွက် ပေးပို့သော ဆန္ဒပြုမဲလက်မှတ်များ စိစစ်ရေတွက်ခြင်းလုပ်ငန်းကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးအောင်စန်းမြင့်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနဝန်ထမ်းများ စုစုပေါင်း အင်အား ၄၀ ကျော်ဖြင့် နေ့ချင်းပြီး စိစစ်ရေတွက်ခဲ့ကြောင်း သိရသည်။ ယခု စိစစ်ရေတွက်ပြီးသည့် ဆန္ဒပြုမဲလက်မှတ်များကို ကြိုတင် မဲအသုံးပြုနိုင်ရေးအတွက် အောက်တိုဘာ ၂၆ ရက်တွင် မြို့နယ်အတွင်း မဲဆန္ဒနယ်မြေ(၁)နှင့် မဲဆန္ဒ နယ်မြေ(၂)တွင် လျာထားဆောင်ရွက်ထားရှိသော မဲရုံ စုစုပေါင်း (၁၆၃)ရုံ အား ခွဲဝေပေးပို့ခြင်းများ ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့် က ပြောသည်။
ပွင့်ဖြူမြို့နယ်၌ မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် မဲရုံပေါင်း (၈၉)ရုံ၊ မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် မဲရုံပေါင်း(၇၄)ရုံ၊ စုစုပေါင်း မဲရုံ(၁၆၃) လျားထား စီစဉ်ထားရှိကြောင်း သိရပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ဦးရေမှာ စုစုပေါင်း ၁၃၃၉၀၀ ကျော်ရှိကြောင်းနှင့် အဆိုပါ မဲဆန္ဒရှင်စာရင်းတွင် ချင်းတိုင်းရင်းသား မဲဆန္ဒရှင်ဦးရေ ၁၄၈၀ ကျော် ပါဝင်ကြောင်း ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်တဉ္ဇာစိုးထံက သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


