ပွင့်ဖြူ ၈ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၈ ခုနှစ်က ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံထိခိုက်ပျက်စီး ဧကများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက နိုင်ငံတော်မှ ကျေးလက်နေတောင်သူများ သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးမှုအပေါ် အခက်အခဲများ လျော့နည်းသက်သာစေရေးအတွက် သီးနှံထောက်ပံ့ကြေးငွေများ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် လုပ်ကိုင်ကြစေလိုကြောင်းနှင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ တိုးပွားစေရေးအတွက် စိုက်ပျိုးရေခွန်များအား တာဝန်သိစွာ ပြန်လည်ပေးဆပ်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ယခု ထောက်ပံ့သည့် သီးနှံထောက်ပံ့ငွေများသည် နိုင်ငံတော်မှ စိုက်ပျိုးရေးလုပ်ငန်းအတွက် အထောက်အကူပြုစေရန် ထောက်ပံ့ပေးခြင်းဖြစ်၍ တောင်သူများအနေဖြင့် အခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သုံးစွဲ၍မရကြောင်းနှင့် ထောက်ပံ့ငွေများအား စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြရန် ဆွေးနွေးပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်ဝင်းက တောင်သူများ သီးနှံစိုက်ပျိုးရာတွင် သီးနှံဝင်ငွေ ပိုမိုရရှိနိုင်ရန်အတွက် စိုက်ပျိုးနည်းစနစ်များ မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေးနှင့် သက်တမ်းတိုပြီး ဈေးကွက်ကောင်းမွန်သော သီးနှံများကို ရွေးချယ်စိုက်ပျိုးကြစေလိုကြောင်းနှင့် နိုင်ငံတစ်ဝန်း ရာသီဉတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် တွေ့ကြုံနေရသည့် သဘာဝဘေး အန္တရာယ်များကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းပါးအောင် သက်တမ်းတိုသော သီးနှံများ စိုက်ပျိုးခြင်းသည် တောင်သူများအတွက် သီးနှံဝင်ငွေ အကျိုးခံစားခွင့် များစွာရရှိနိုင်မှာဖြစ်ကြောင်း အသိပညာပေး ဆွေးနွေး ပြောကြားသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၈ ခုနှစ်အတွက် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသည့် နွေစပါး၊ မိုးစပါး၊ မိုးနှမ်း၊ နွေနှမ်း၊ ပဲတီစိမ်း၊ ငြုပ်စို၊ ဖူးစားပြောင်း သီးနှံ ထိခိုက်ပျက်စီးဧက ၃၄၇၄၆ ဧကအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၁၄၂၄၈၀ဝ၀ဝ ကို ဒေသခံ တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


