ပွင့်ဖြူ ၉ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့)သင်တန်းကို ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ယောစုကျေးရွာ ရောင်ခြည်သစ် စာကြည့်တိုက် အစည်းအဝေး ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းစိန်က အဖွင့်အမှာစကား ပြောကြားပြီး မကွေးမြို့၊ မူကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာ က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် သင်တန်းကို ဖွင့်လှစ်ကာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းစိန် ဦးဆောင်မှုဖြင့် သင်တန်းနည်းပြများက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များ၊ ကလေးသူငယ်ဥပဒေများ၊ ကလေးစိတ်ပညာ၊ ကလေးများ၏ သဘောသဘာဝနှင့် လိုအပ်ချက်များ၊ ကလေးဖွံ့ဖြိုးမှုဆိုင်ရာများ၊ ကစားခြင်းဖြင့်သင်ကြားခြင်းဆိုင်ရာနှင့် သင်ယူမှုပုံစံများ၊ ဘာသာစကားဖွံ့ဖြိုးမှုနှင့် အစောပိုင်းကာလ စာတတ်မြောက်မှု၊ အကူးအပြောင်းကာလ အရေးကြီးပုံများ စသည့် ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ အကြောင်းအရာများကို စာတွေ့လက်တွေ့ ဆွေးနွေးပို့ချကြသည်။
အဆိုပါ သင်တန်းသို့ ပွင့်ဖြူမြို့နယ် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ ၆၀ တက်ရောက်ခဲ့ကြပြီး စက်တင်ဘာ ၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


