ပွင့်ဖြူ ၆ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ ရပ်/ကျေး စာရေးဝန်ထမ်းများကို မိမိတို့ တာဝန်လုပ်ငန်းများအပြင် ရွေးကောက်ပွဲ လုပ်ငန်းများနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကြိုးစားဆောင်ရွက်ပေးမှုအပေါ် ဂုဏ်ပြုသောအားဖြင့် ရပ်/ကျေးစာရေးဝန်ထမ်း တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က နိုင်ငံတော်မှ ရပ်/ကျေး စာရေးဝန်ထမ်းများအတွက် ထောက်ပံ့ပေးအပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် က တက်ရောက်လာသည့် ရပ်/ကျေးစာရေးဝန်ထမ်းများ အနေဖြင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်၍လည်းကောင်း မကြာမီကာလတွင် ရွေးကောက်ပွဲ ကျင်းပရတော့မည်ဖြစ်၍ ရွေးကောက်ပွဲလုပ်ငန်း တာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လည်းကောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ရပ်/ကျေး စာရေးဝန်ထမ်း (၅၆) ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )


