ပွင့်ဖြူ    ၃၀    ဇွန်       


မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ဒေသခံတောင်သူများ သီးနှံပျက်စီး ဆုံးရှုံးမှုအပေါ် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဉတ္တမခန်းမ၌ ကျင်းပသည်။ 


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး က အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပွင့်ဖြူမြို့နယ်အတွင်း ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုအပေါ် တောင်သူများ အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။


ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက မြို့နယ်အတွင်းရှိ တောင်သူများ သဘာဝဘေး အန္တရာယ်ကြောင့် သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုအပေါ် နိုင်ငံတော်မှ သီးနှံထောက်ပံ့ကြေးငွေ ပေးအပ်ခြင်း အပေါ် ဒေသခံတောင်သူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 


ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် နွေစပါးသီးနှံစိုက်ခင်း (၃၇)ဧကအတွက် တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၂၅၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၉၂၅၀၀၀၀၊ မိုးစပါးသီးနှံစိုက်ခင်း(၁၈၀)ဧက အတွက် တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၁၈၀၀၀၀၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၁၀၅၀၀၀၀ အား တောင်သူများထံ ထောက်ပံ့ပေးနိုင်ရေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ 


၎င်းနောက် တာဝန်ရှိသူများက ၂၀၁၅ ခုနှစ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးပျိုးခင်း ၃၅၇၉ ဧက ၊ မိုးစပါးစိုက်ခင်း ၃၉၈၈ ဧက ၊ မိုးနှမ်း ၁၁၀၉၃ ဧက ၊ မိုးမြေပဲ ၃၇၉ ဧက ၊ မိုးနေကြာ ၁၃၁၃ ဧက ၊ ပဲတီစိမ်း ၉၈၈ ဧက ၊ ဖူးစားပြောင်း ၃၄၂၁ ဧက ၊ ကျွဲနွားစာ ၃၀၅၆ ဧက ၊ ဟင်းသီးဟင်းရွက်စိုက်ခင်း ၃၀၇၇ ဧက ၊ မိုးငရုတ် ၁၇ ဧက ၊ အခြားသီးနှံစိုက်ခင်း ၅၆ ဧက ၊ စုစုပေါင်း ထိခိုက်ပျက်စီးဧက ၃၀၉၆၇ ဧက အတွက် ဓာတ်မြေဩဇာအိတ် ၇၀၂၂ အိတ် တို့အား ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူ ခဲ့ကြသည်။ 


ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး က တောင်သူများ လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသည့် သီးနှံစိုက်ခင်းများအပေါ် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများနှင့် ဓာတ်မြေဩဇာများကို အကျိုးရှိစွာ အသုံးချဆောင်ရွက် လုပ်ကိုင်သွားကြစေလိုကြောင်းနှင့် လူမှုရေး ၊ စီးပွားရေးနှင့် အကျင့်စာရိတ္တ ထိခိုက်ပျက်စီးစေသည့် လောင်းကစားပြုလုပ်ခြင်းများကို မိမိတို့ရပ်ကွက်/ကျေးရွာများတွင် မပြုလုပ်စေရေး ကြပ်မတ်ဆောင်ရွက်သွားကြ ရန် ဆွေးနွေးမှာကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။   


ရဲဝင်းနိုင် ( ညောင်ဦး )