ပွင့်ဖြူ ၁ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ အသက်(၆၀)ကျော် သက်ကြီးဘိုးဘွားများအား သီတင်းကျွတ်အခါသမယ ပူဇော်ကန်တော့ခြင်းကို အောက်တိုဘာ ၃၁ ရက်၊ ညနေ ၄ နာရီက အဆိုပါ နန်းတော်ကျွန်းကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်၌ ကျင်းပသည်။
သီတင်းကျွတ်အခါသမယ အသက်(၆၀)ကျော် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို ထိုင်းနိုင်ငံ မဲဆောက်မြို့နေ အလှူရှင် ဒေါ်သန်းသန်းအေး မိသားစုက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း သက်ကြီးဘိုးဘွားများအတွက် ကျန်းမာသက်ရှည်စွာ နေထိုင်သွားနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရကာ အလှူရှင်မိသားစုက နန်းတော်ကျွန်းကျေးရွာအုပ်စုရှိ အသက်(၆၀)ကျော် သက်ကြီးဘိုးဘွား (၈၃)ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့်၊ စုစုပေါင်း ငွေကျပ် ၈၃၀၀၀၀ အား ပူဇော်ကန်တော့ခဲ့ကြောင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ ရာတွင် လိုအပ်သည်များကို ကျေးရွာရှိ မေတ္တာရင်ခွင် ပရဟိတအကျိုးဆောင် လူငယ်များအဖွဲ့က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူ ကိုမိုးနန်းဝေ ထံက သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


