ပွင့်ဖြူ  ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း Stay at Home သတ်မှတ်ထားသည့်ကာလ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာနိုင်ရေးအတွက် ယနေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့အဝင် ပြည်လုံးချမ်းသာ ဘုရားအနီးတွင် စုရပ်ပြုလုပ်၍ Stay at Home စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာခြင်းမရှိသော ပြည်သူများကို ကြပ်မတ်စစ်ဆေး အရေးယူခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

မြို့နယ်အတွင်းရှိ ပြည်သူများ Stay at Home ကာလအတွင်း ပြည်သူများ သတ်မှတ်ထားသော စည်းကမ်းချက် များအတိုင်း သွားလာနေထိုင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့အဝင် ပြည်လုံးချမ်းသာဘုရားအနီးတွင် စုရပ်ပြုလုပ်၍ Stay at Home စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာစေရေး ဒေသခံပြည်သူများကို အသိပညာပေးခြင်းများ ဆောင်ရွက်ကာ စည်းကမ်းလိုက်နာမှုမရှိသော ပြည်သူများကို ဒဏ်ငွေ ပေးဆောင်စေပြီး အရေးယူ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်ထံမှ သိရသည်။  

ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်းမြင့်တက်လျက်ရှိသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ Stay at Home အဖြစ် ထုတ်ပြန်ကြေညာထားရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများ Stay at Home သတ်မှတ်ကာလအတွင်း လိုက်နာရန်စည်းကမ်းချက်များအား အများပြည်သူသိရှိလိုက်နာနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ Stay at Home သတ်မှတ်ထားသောကာလ ပြည်သူများ လိုက်နာ ရမည့်စည်းကမ်းချက်များအနေဖြင့် မိမိအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံဆေးခန်းသွားရောက်ရန်လိုအပ်ပါက တစ်အိမ်လျှင် နှစ်ဦးသာသွားရောက်ရန်၊  နေအိမ် ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင် သွားလာကြရန်၊ တာဝန်ထမ်းဆောင်ရန် သွားလာ သည့် ယာဉ်များနှင့် ဖြတ်သန်းသွားလာခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန်၊ မြို့နယ် အတွင်း ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များသွားလာမှုကို စံသတ်မှတ်ချက်များအတိုင်း  သွားလာကြရန်၊ ဈေးဝယ်ချိန်အား နံနက်ပိုင်းတွင် ၁၁ နာရီအချိန်အထိ၊ ညနေပိုင်းတွင် ၅ နာရီမှ ၆ နာရီထိသာ သွားလာကြရန်နှင့် နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအချိန်တွင်း မိမိတို့၏ နေအိမ်တွင်သာ နေထိုင်ကြရန်၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ပါက ဝန်ထမ်းကတ်(သို့မဟုတ်) အထက်အရာရှိ၏ ထောက်ခံချက်ဖြင့်သာ သွားလာကြရန် စသည့် စည်းကမ်းချက်များ ပါဝင်ကြောင်း သိရသည်။   

ရဲဝင်းနိုင် (ညောင်ဦး)