ပွင့်ဖြူ       ဇူလိုင်       ၁၀

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ တောင်သူများသည် ထိုင်ဝမ်သင်္ဘောမျိုးကို စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်ကြရာ ယခုနှစ်တွင် စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းကာ ဈေးကောင်းရရှိသဖြင့် လုပ်ငန်းအဆင်ပြေ ကြကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ ထိုင်ဝမ်သင်္ဘောစိုက်တောင်သူများထံမှ သိရသည်။

 

ထိုင်ဝမ်သင်္ဘောသီးနှံသည် စနစ်တကျပြုစုပျိုးထောင်စိုက်ပျိုးပါက တစ်ပင်လျှင် အလုံးရေ ၁၀၀ နီးပါးခန့် အသီးတင်ပြီး အသီးစိမ်းရော အသီးမှည့်ပါရောင်းချရသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိသိရသည်။

 

ထိုင်ဝမ်သင်္ဘောစိုက်ပျိုးရာတွင် မျိုးစေ့များကို ပလပ်စတစ်အိတ်ငယ်များတွင် မြေဆွေးနှင့်ထည့်ကာ အရိပ်ရသော နေရာတွင် ပျိုးထောင်ထားရှိရကြောင်း၊ ပျိုးပင်တစ်လသားအရွယ်ရှိပါက စိုက်ပျိုးမြေပေါ်တွင် တစ်ပင်နှင့် တစ်ပင် အနည်းဆုံး ၆ ပေမှ ၈ ပေခြား၍ စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီးသုံးလအရွယ်တွင် အသီးအပွင့်များ စတင် ထွက်ရှိကာ အသီးများရင့်မှည့်လာပါက ဆွတ်ခူးရောင်းချရကြောင်း သင်္ဘောစိုက်တောင်သူများထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်၌ ထိုင်ဝမ်းသင်္ဘောသီးနှံ စိုက်ပျိုးသည့်တောင်သူ ၅၀ ကျော်ရှိပြီး စိုက်ပျိုးရေအဆင်ပြေသည့်အတွက် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ ဒေသမှထွက်ရှိသော ထိုင်ဝမ်သင်္ဘောသီးများကို မင်းဘူး၊ မကွေးနှင့် အခြားဒေသများသို့ ပုံမှန်တင်ပို့ရောင်းချနေရကြောင်း၊ လက်ရှိတွင် ထိုင်ဝမ်သင်္ဘောသီးဈေးကွက်မှာ အလုံး (အကြီး၊အသေး)ပေါ်မူတည်၍ တစ်လုံးလျှင် ငွေကျပ် ၈၀၀ မှ ၁၀၀၀ အထိရောင်းချနေရ၍ ထိုင်ဝမ်သင်္ဘောစိုက် တောင်သူများထံမှ သိရသည်။

ရဲဝင်းနိုင် ( ပြန်/ဆက် )