ပွင့်ဖြူ ၃၀ ဇန်နဝါရီ   


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ထင်းလောင်စာ လျှော့ချနိုင်ရန်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ မြန်မာမြေစွမ်းအားမြှင့် အေဝမ်းမီးဖို ထုတ်လုပ်ရေး အဖွဲ့မှ တာဝန်ခံ ဦးသန့်စင်ဦး ဦးဆောင် ဝန်ထမ်းများ အဖွဲ့သည် ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွေး ဦးဆောင်သော ဝန်ထမ်းများနှင့် ပူးပေါင်း၍  ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး အနီးသို့ လာရောက်ပြီး စွမ်းအားမြှင့် အေဝမ်းမီးဖိုးများ လာရောက်ဖြန့်ဖြူးရောင်းချပေးနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ 


ယင်းသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် လာရောက်ဝယ်ယူအားပေးသည့် ဒေသခံ ပြည်သူများအား မြန်မာမြေစွမ်းအားမြှင့် အေဝမ်းမီးဖို ထုတ်လုပ်ရေး အဖွဲ့မှ တာဝန်ခံ ဦးသန့်စင်ဦးက အေဝမ်းမီးဖို အသုံးပြုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အေဝမ်းမီးဖိုအ သုံးပြုနည်းများ အကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားကာ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွေး က နိုင်ငံတစ်ဝန်း သစ်တောပြုန်းတီးမှုကြောင့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များ ဖြစ်ပွားရခြင်း အကြောင်းနှင့် သစ်တောသစ်ပင်များ ပြုန်းတီးမှု လျော့နည်းကျဆင်းစေရန် ကာကွယ်ထိန်းသိမ်းရမည့် နည်းစနစ်များအကြောင်းကို အသိ ပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ 


ထို့နောက် ဝန်ထမ်းများအဖွဲ့က ဒေသခံ ပြည်သူများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ပညာပေး ဗီနိုင်းပိုစတာများ ခင်းကျင်းပြသခြင်းခြင်းနှင့် ပညာပေးလက်ကမ်း စာစောင်များကို ဝေငှဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 


မြန်မာမြေစွမ်းအားမြှင့် အေဝမ်းမီးဖိုထုတ်လုပ်ရေး အဖွဲ့မှ လာရောက်ဖြန့်ဖြူး ရောင်းချသည့် အေဝမ်းမီးဖိုအရောင်း ပြခန်းအား နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဒေသခံပြည်သူများအား အသိပညာပေး ဟောပြောခြင်းနှင့်အတူ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ရောင်းချပေးသည့် အေဝမ်းမီးဖို ဈေးနှုန်းများမှာ အနည်းဆုံး ငွေကျပ် ၂၅၀ဝ မှ အများဆုံး ငွေကျပ် ၁၅၀ဝ၀ အထိ အရွယ်အစားအမျိုးမျိုး ရောင်းချပေးကြောင်း သိရကာ ဒေသခံပြည်သူများမှ စိတ်ဝင်တစ်စား လာရောက်ဝယ်ယူ အားပေးကြကြောင်း ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းထွေးထံမှ သိရသည်။


ရဲဝင်းနိုင် (ညောင်ဦး)