ပွင့်ဖြူ နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး တစ်ပိုင် တစ်နိုင် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းအား မိသားစုဝင်ငွေတိုးပွားရေးအတွက် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင် ဖြစ်ထွန်းမှုရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်ရှိ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံပြည်သူများထံမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် စိုက်ပျိုးရေအဆင်ပြေသည့်အတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် အညာကျေးလက် ဒေသများရှိ ဒေသခံပြည်သူများက (နွေ ၊ မိုး ၊ ဆောင်း) စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံများ စိုက်ပျိုးရာတွင် မိသားစုနေ့စဉ်ဝင်ငွေရရှိရေးအတွက် ဟင်းသီးဟင်းရွက်စားပင်သီးနှံမျိုးစုံနှင့် ဘုရားပန်း မျိုးစုံတို့ကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် အချို့တောင်သူများမှာ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးရေး လုပ်ငန်းအား စမ်းသပ်စိုက်ပျိုး လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ နှုန်း ရောင်းချနေရ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံပြည်သူတွေဟာ  တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ သီးနှံ စိုက်ပျိုးရာမှာ မုန်းချောင်းအနီး ကျေးရွာတွေက မြေနုကျွန်းနဲ့ ကိုင်းမြေတွေမှာ မြေပဲ ၊ ဖူးစားပြောင်း ၊ ငရုတ် ၊ ကြက်သွန် ၊ ခရမ်းချဉ် ၊ ကြက်ဟင်းခါး ၊ ပန်းမုံလာ ၊ မုံလာဥဖြူ ၊ ကိုက်လံ ၊ မုံညှင်း ၊ ချဉ်ပေါင် ၊ ကန်စွန်း ၊ သခွား ၊ ခရမ်း ၊ ရုံးပတီ ၊ ရွှေဖရုံ ၊ ဘူး ၊ ဆူးပုပ် အစရှိတဲ့ ဟင်းသီး ဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးကြသလို အချို့တောင်သူတွေက ဥယျာဉ်ခြံမြေများ ပြုလုပ်ကာ ရှောက် ၊ သံပုရာ ၊ ပိန္နဲ ၊ ငှက်ပျော ၊ သင်္ဘော ၊ သရက် စတဲ့ သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူတွေကလည်း မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး မိမိတို့ရဲ့ နေအိမ်ခြံဝန်းများရှိ မြေကွက်လပ်မှာ ကွမ်းစိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ကွမ်းစိုက်ပျိုးရေးလုပ်ငန်းက စိုက်ပျိုးပြီး တစ်လခွဲအကြာမှာ ခေါင်ညွန့်နှိမ်ပေးရပြီး (၃)လအကြာမှာ ရောင်းတန်းဝင် ကွမ်းရွက်ကို စတင်ဆွတ်ခူးရောင်းချရပါတယ်။ မှိုရောဂါမဝင်အောင် အထူးဂရုစိုက်ပေးရတဲ့အပြင် အပင်ခြေ ရေမဝပ်အောင်လည်း ပြုပြင်ပေးရပါတယ်။ ဒါမှသာ စိုက်ပြီးရင် အပင်တွေသေတာတို့ ၊ အရိုးပုပ်တာတို့ ၊ အမြစ်ဆွေးဝင်တာတို့ ကင်းဝေးစေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဒေသဟာ စိုက်ပျိုးမြေကောင်းမွန်တဲ့ အတွက် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ယခုလက်ရှိမှာ ကွမ်းတစ်ပိဿာကို ငွေကျပ် ၅၀၀၀ နှုန်း ရောင်းချနေရလို့ ကွမ်းစိုက်ပျိုးတောင်သူတွေ လုပ်ငန်းအဆင်ပြေနေကြပါတယ်” ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်မှ တစ်ပိုင်တစ်နိုင် ကွမ်းစိုက်ပျိုးတောင်သူတစ်ဦးက ပြောပြသည်။  

ရဲဝင်းနိုင်(ညောင်ဦး)