ပွင့်ဖြူ၊ ၈ ဇွန်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းအနီးရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို အသုံးချပြီး နေ့စဉ် မိသားစုဝင်ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင် ပန်းထိန်ငိုဘုရားပန်း စိုက်ပျိုးရေးလုပ်ငန်းအား အလေးထား စိုက်ပျိုးလုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း ပန်းထိန်ငိုပန်းခက် တစ်ခက်လျှင် ငွေကျပ် ၃၀၀ နှုန်း ရောင်းချရ၍ ဈေးကောင်းရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

ပန်းထိန်ငိုပန်း စိုက်ပျိုးရေးလုပ်ငန်းသည် အအေးပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ယခုအခါ အပူပိုင်းဒေသများတွင်လည်း စမ်းသပ်စိုက်ပျိုးလုပ်ကိုင်လာကြသည်။ ပန်းထိန်ငိုပန်းသည် ရေကြိုက်ပြီး ရေဝပ်သည့်နေရာတွင်စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းမှုနည်းသည်။ အဓိက စိုက်ပျိုးဖြစ်ထွန်းသော မြေအမျိုးအစားမှာ မြေနီသဲဝန်း၊ သဲနုန်းမြေနှင့် နုန်းမြေများဖြစ်ကာ ပန်းထိန်ငိုပန်းမျိုးတွင် တစ်ထပ်ပန်းထိန်၊ နှစ်ထပ်ပန်းထိန်၊ သုံးထပ်ခေါ် ဆင်စွယ်ပန်းထိန် ဟူ၍ သုံးမျိုးရှိသည်။ စိုက်ပျိုးရန် မျိုးယူရာတွင် အပင်ကို ဖြတ်၍ထိုးခြင်း၊ ကိုင်းထိုးခြင်းနှင့် အမြစ်မှ မျိုးယူခြင်း၊ ဉမှ စိုက်ပျိုးခြင်းဖြင့် ကြိုက်နှစ် သက်သလို စိုက်ပျိုးနိုင်ပြီး ပင်ခြားအနေဖြင့် သုံးပေ၊ လူသွားလမ်း ငါးပေဖြင့် စိုက်ပျိုးနိုင်သည်။ ပန်းထိန်ငိုပန်းသည် စိုက်ပျိုးပြီး တစ်နှစ်ကြာပါက ဈေးကွက်ဝင်ပန်းထိန်ငိုပန်းများ လှိုင်လှိုင်ဆွတ်ခူးရောင်းချနိုင်သည်။

ကျွန်မတို့ ပွင့်ဖြူမြို့နယ်မှာ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဘုရားပန်းမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးသည့် ဘုရားပန်းများမှာ ကံ့ကော်၊ စံပါယ်၊ နှင်းဆီ၊ ဂန္ဓမာ၊ မေမြို့ပန်း၊ နှင်းပန်း၊ သစ္စာပန်း၊ ရွက်လှပန်း၊ သပြေပန်းမျိုးစုံနှင့် ပန်းထိန်ငိုပန်းများကို အများဆုံးစိုက်ပျိုးကြပြီး ယခုနှစ်တွင် ပန်းထိန်ငိုပန်းစိုက်ပျိုးရေးလုပ်ငန်းက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင်လည်း ပန်းတစ်ခက်လျှင် ငွေကျပ် ၃၀၀ နှုန်းဖြင့် ပန်းထိန်ငိုပန်း ငါးခက်တစ်စီးလျှင် ငွေကျပ် ၁၅၀၀ နှုန်း ရောင်းချရပါတယ်။ ဘုရားပန်းစိုက်ပျိုးရေးလုပ်ငန်းက မိသားစုစားဝတ်နေရေးအတွက် နေ့စဉ် ဝင်ငွေရရှိလို့ စီးပွားရေးတွက်ခြေကိုက်ပါတယ်။ ဒါ့ကြောင့် ပန်းထိန်ငိုပန်းစိုက်ပျိုးရေးလုပ်ငန်းကို အခြားတောင်သူတွေကိုလည်း စိုက်ပျိုးစေချင်ပါတယ်ဟု ပွင့်ဖြူမြို့နယ်ဒေးဒရဲကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေပေါကြွယ်ဝသည့်အပြင် ရာသီဉတု မျှတကောင်းမွန်သည့်အတွက် ဒေသခံတောင်သူများက တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး စိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ မြေပဲ၊ နှမ်း၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲထောပတ်၊ နေကြာ၊ ဖူးစားပြောင်း၊ ကြံ၊ ငရုတ်၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် ဘုရားပန်းမျိုးစုံတို့ကို အများဆုံးစိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရေအဆင်ပြေသည့်အတွက် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)