ပွင့်ဖြူ   ၂၉     ဇွန်    

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေ ရယူသုံးစွဲရာတွင် စနစ်တကျ ရယူသုံးစွဲသည့် အလေ့အကျင့်များရရှိစေရေး အသိပညာပေး ဆွေးနွေးခြင်းနှင့်  Water User Group ( WUG )အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပွင့်ဖြူမြို့နယ် မဒဲကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ် မဒဲကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးရေရယူ အသုံးပြုသည့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး မင်းဘူးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးလှိုင်နှင့် ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင် တို့က ဒေသခံ တောင်သူများ သီးနှံစိုက်ပျိုးရေးအတွက် မဲဇလီရေလွှဲဆည်ရေမှ ဆည်ရေကို စနစ်တကျ အကျိုးရှိစွာ သုံးစွဲသွားရန်နှင့် ယင်းကဲ့သို့ စိုက်ပျိုးရေ အကျိုးရှိစွာသုံးစွဲနိုင်ရေးအတွက် Water User Group ( WUG ) ရေအသုံးချသူများအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ တာဝန်ရှိသူများက တက်ရောက်လာသည့် ဒေသခံတောင်သူများ၏ ဆန္ဒသဘောထားနှင့် အညီ Water User Group ( WUG )အဖွဲ့ကို ဖွဲ့စည်း၍ အဖွဲ့ခေါင်းဆောင်တင်မြှောက်ခြင်း ၊ အဖွဲ့ဝင်များ သတ်မှတ်ပေးခြင်းများ ဆောင်ရွက်ကာ Water User Group ( WUG )အဖွဲ့ ခေါင်းဆောင်၏ တာဝန်နှင့် ဝတ္တရားများ ၊ အဖွဲ့ဝင်များ၏ တာဝန်နှင့် ဝတ္တရားများ ၊ Water User Group ( WUG ) အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ချပြရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ သည်။

 

ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက စိုက်ပျိုးရေ စနစ်တကျ သုံးစွဲရေးဆိုင်ရာ နည်းလမ်းများ ၊ စိုက်ပျိုးရေးလုပ်ငန်းတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် စပ်လျဉ်းပြီး သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန် ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အလားတူ ဒေသခံတောင်သူများ စိုက်ပျိုးရေ စနစ်တကျ သုံးစွဲတတ်စေရေးအတွက် Water User Group ( WUG ) ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းကို ထိုနေ့က မွန်းလွဲ ၂ နာရီတွင် ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာနှင့် ရွာသစ်ကျေးရွာ တို့တွင် လည်းကောင်း ၊ ညနေ ၃ နာရီအချိန်တွင် သမော်အင်းကျေးရွာတွင် လည်းကောင်း သွားရောက်ကာ စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် Water User Group ( WUG ) ရေအသုံးချသူများအဖွဲ့ကို ကျေးရွာအလိုက် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာအနေဖြင့် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေဖြန့်ဝေ ပေးလျက်ရှိသည့် မြောင်းမကြီးများနှင့် ရေလက်တံမြောင်းများ ရေရှည်တည်တံ့ နိုင်စေရေးအတွက် ဆည်ရေသောက်ဧရိယာ အတွင်းရှိ ဒေသခံတောင်သူများကို စိုက်ပျိုးရေအကျိုးရှိစွာ စနစ်တကျ သုံးစွဲတတ်သည့်အလေ့အကျင့်များရရှိစေရန် ယခုကဲ့သို့ Water User Group ( WUG ) ရေအသုံးချသူများအဖွဲ့  ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်ရှိသည့် ကျေးရွာများကိုလည်း စဉ်ဆက်မပြတ် ဖွဲ့စည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။  

 

ရဲဝင်းနိုင် ( ပြန်/ဆက်)