ပွင့်ဖြူ ၂၅ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံ တောင်သူများသည် မြေအောက်ရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် ဒေသခံတောင်အချို့အနေဖြင့် ကြံသီးနှံကို စမ်းသပ်စိုက်ပျိုးလာကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု ၊ ညောင်ပင်ဝိုင်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
“ယခုနှစ်ဆိုရင် ကျွန်မတို့ ကြံသီးနှံကို စမ်းသပ်စိုက်ပျိုးတာ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ စိုက်ပျိုးတဲ့ ကြံမျိုးကိုတော့ တောင်တွင်းကြီးမြို့နယ်က ဝယ်ယူပြီးတော့ စိုက်ပျိုးတာဖြစ်ပြီး ကြံသီးနှံက စိုက်ပျိုးပြီး သက်တမ်း (၉) လ ရှိရင် ခုတ်ရောင်း လို့ရပါတယ်။ ကြံသီးနှံက အရင်းအနှီးကလည်း နည်းတော့ စိုက်ပျိုးစရိတ် အကုန်အကျ အများကြီးသက်သာပါတယ်။ ယခု ကျွန်မစိုက်ပျိုးထားတဲ့ ကြံခင်းဆိုရင် နှစ်သိန်းခွဲဖိုးလောက်ပဲ ကုန်ကျမှုရှိပြီး ယခု ခုတ်ရောင်းမယ်ဆိုရင် သိန်း (၃၀)လောက် ရရှိမှာဖြစ်ပါတယ်။ ရောင်းတဲ့အချိန်မှာလည်း မြို့တွေကို သွားရောင်းစရာမလိုပါဘူး။ ကြံရည်ဆိုင်တွေနဲ့ လက်လီရောင်းချတဲ့ ဈေးသည်တွေက စိုက်ခင်းအရောက် လာရောက်ဝယ်ယူကြပါတယ်။ ဒီကြံခင်းကို ခုတ်ရောင်းပြီးရင်လည်း ကြံငုတ်မှထွက်ရှိတဲ့ ကြံအတက်တွေဟာ ပျိုးပင်အဖြစ် တစ်ပင်ကို ၃၀ဝ နဲ့ တစ်ခါ ပြန်ရောင်းရလို့ ကြံသီးနှံဟာ နှစ်သီးစား ဝင်ငွေရရှိပါတယ်။ ဒါ့ကြောင့် ကြံသီးနှံဟာ စိုက်ပျိုးစရိတ် အရင်းအနှီးနည်းပြီး အကျိုးအမြတ်များများရလို့ အရမ်းအဆင်ပြေပါတယ်။ လာမယ့်နှစ်မှာဆိုရင်တော့ ကျွန်မတို့ဒေသမှာ ကြံသီးနှံစိုက်ပျိုးမည့် တောင်သူတွေ ပိုများလာနိုင်မှာပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်း ကျေးရွာမှ ကြံသီးနှံစိုက်ပျိုး တောင်သူ မလွင်မော်က ပြောသည်။
ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ ပေါကြွယ်ဝမှုနှင့် ရာသီဉတု မျှတကောင်းမွန်မှုကြောင့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း(၂၅)မြို့နယ်တွင် နှစ်စဉ် ဆန်စပါးအများဆုံး စိုက်ပျိုး ထုတ်လုပ်နိုင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ ထို့အပြင် တောင်သူများက ဆန်စပါးအပြင် ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ပြောင်းဖူး ၊ ပဲတီစိမ်း ၊ ကုလားပဲ ၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ အခြား ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံနှင့် ဘုရားပန်းများဖြစ်သည့် မေမြို့ပန်း ၊ ဂန္ဓမာပန်း ၊ သပြေပန်းများကိုလည်း စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။
ယခုနှစ်တွင် မြို့နယ်အတွင်းရှိ အချို့ကျေးရွာများမှ ဒေသခံတောင်သူများက ကြံသီးနှံကို စမ်းသပ်စိုက်ပျိုး လျက်ရှိရာ စိုက်ပျိုးစရိတ်အရင်းအနှီးနည်းပြီး ဈေးကွက်ကောင်းမွန်ခြင်းကြောင့် စီးပွားရေး တွက်ခြေကိုက်လျက် ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


