ပွင့်ဖြူ ၂၈ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ တောင်သူများ စတင်သိမ်းဆည်းနေကြပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာမှ နွေနှမ်းစိုက်ပျိုးတောင်သူများထံမှ သိရသည်။

 

ယခု ၂၀၁၉ - ၂၀၂၀ နွေသီးနှံစိုက်ပျိုးရာတွင် တောင်သူများ အဆင်ပြေစွာ သီးနှံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် နွေစပါးနှင့် နွေနှမ်းစိုက်ပျိုးနိုင်ရေးအတွက် ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ ဆည်ရေများဖြန့်ဝေပေးရာတွင် ဆည်ရေဝင်ရောက်မှု နည်းပါးခဲ့သည့်အတွက် နွေစပါးစိုက်ပျိုးတောင်သူများအား ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ကာ တောင်မုန်းမြောင်းမကြီးမှ တစ်ဆင့် ဖြန့်ဝေပေးခဲ့ပြီး နွေနှမ်းစိုက်ပျိုးတောင်သူများကို မြောက်မုန်း မြောင်းမကြီးမှ တစ်ဆင့် မတ် ၁ ရက်မှ စတင်ကာ စိုက်ပျိုးရေများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ စိုက်ပျိုးရေများကို စနစ်တကျ ဖြန့်ဝေပေးခဲ့မှုကြောင့် မြို့နယ်အတွင်းရှိ နွေစပါးနှင့် နွေနှမ်းစိုက်ပျိုးတောင်သူများ ဆည်ရေလုံလောက်စွာရရှိကာ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုအခါ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးထားရှိသည့် နွေနှမ်းစိုက်ခင်းများမှာ အသီးများရင့်မှည့်လာပြီဖြစ်၍ တောင်သူများက နွေနှမ်းစိုက်ပျိုးလယ်မြေများတွင် မိုးစပါးသီးနှံ ထပ်မံစိုက်ပျိုးနိုင်ရေးအတွက် နေ့စားအလုပ်သမားများ ငှားရမ်း၍ ဖြိုင်ဖြိုင် သိမ်းဆည်းနေကြကြောင်း သိရသည်။

 

“ကျွန်တော်တို့ မြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံတောင်သူတွေဟာ နှစ်စဉ် မဲဇလီရေလွှဲဆည်ရေဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီမပျက် သီးနှံများစိုက်ပျိုးလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာတော့ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများကို ဆည်ရေအဝင်နည်းတဲ့အတွက် နွေစပါးသီးနှံနဲ့ နွေနှမ်းသီးနှံကို အလှည့်ကျစနစ်နဲ့ စိုက်ပျိုးရေ ပေးဝေပေးတာဖြစ်ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေက စိုက်ပျိုးရေကို စနစ်တကျ ဖြန့်ဝေပေးခဲ့တဲ့အတွက် ကျွန်တော်တို့ ဒေသခံတောင်သူတွေ နွေနှမ်းစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ ခုဆိုရင် နွေနှမ်းစိုက်ခင်းတွေက အသီးများ ဖြိုင်ဖြိုင်ရင့်မှည့်နေကြပြီဖြစ်လို့ တောင်သူတွေက နွေနှမ်းစိုက်ပျိုးတဲ့ လယ်မြေမှာ မိုးစပါးထပ်မံစိုက်ပျိုးဖို့အတွက် လူငှားတွေနဲ့ အပြိုင်အဆိုင် သိမ်းဆည်းနေကြပါတယ်။ ယခုနှစ်မှာတော့ နွေနှမ်းသိမ်းဆည်းချိန်မှာ ဈေးနှုန်းက ကျပ် ၆၀ဝ၀ဝ ဝန်းကျင်ခန့် အရောင်းအဝယ်ရှိတာကြောင့် ယခင်နှစ်ကထက် ငွေကျပ် တစ်သောင်းကျော်လောက် ဈေးနှုန်းကျဆင်းနေပါတယ်။ သီးနှံအထွက်နှုန်းကတော့ တစ်ဧက အနည်းဆုံး(၁၀)မှ အများဆုံး (၁၂)တင်းအထိ ထွက်ရှိပါတယ်။ နှမ်းဈေးနှုန်းများ ကျဆင်းနေတဲ့အတွက် နွေနှမ်းစိုက်ပျိုးတောင်သူတွေ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိမှု နည်းပါးနေပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာမှ နွေနှမ်းစိုက်ပျိုးတောင်သူ ကိုအောင်ကိုမင်းက ပြောသည်။

 

ရဲဝင်းနိုင် (ပြန်/ဆက်)