ပွင့်ဖြူ ၊ ၁၄ ဒီဇင်ဘာ        

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုရှိ ဒေသခံတောင်သူများသည် မြေအောက်ရေကို စနစ်တကျသုံးစွဲ၍ ပန်းမုံလာသီးနှံကို စမ်းသပ်စိုက်ပျိုးလုပ်ကိုင်ကြရာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံ တောင်သူများထံမှ သိရသည်။ 

ပန်းမုံလာသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး နှစ်လခွဲခန့်ကြာပါက ရောင်းတန်းဝင် ပန်းမုံလာထုပ်များကို စတင်ဆွတ်ခူးရောင်းချရကြောင်း၊ လက်ရှိတွင် ဈေးကွက်၌ ပန်းမုံလာ(အဖြူ)တစ်ပွင့်လျှင် ငွေကျပ် ၆၅၀၊ ပန်းမုံလာ(အစိမ်း) တစ်ပွင့်လျှင် ငွေကျပ် ၆၀၀ နှုန်းဖြင့် ရောင်းချနေရကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်း ကျေးရွာမှ ဟင်းသီးဟင်းရွက် စားပင်သီးနှံစိုက်ပျိုးလုပ်ကိုင်သူ ကိုသန်းဌေးအောင် က ပြောပြသည်။ 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မြေအောက်ရေနဲ့ မုန်းချောင်းရေကို အကျိုးရှိစွာ အသုံးချပြီး ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးတဲ့ စားပင်သီးနှံတွေကတော့ ဘူး၊ ဖရုံ၊ သခွား၊ ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်၊ ကြက်သွန်၊ ဖူးစားပြောင်း၊ ကြက်ဟင်းခါး၊ မုံလာဉဖြူ၊ ပန်းမုံလာ(အဖြူ/အစိမ်း)၊ နံနံပင်၊ တိုင်ထောင်ပဲ၊ ချဉ်ပေါင်၊ ကန်စွန်း စတဲ့ သီးနှံတွေနဲ့ ဘုရားပန်း မျိုးစုံကို အဓိကစိုက်ပျိုးကြပါတယ်။ ယခုလို ကိုဗစ် - ၁၉ ကာလမှာ ဟင်းသီးဟင်းရွက် စားပင်သီးနှံ စိုက်ပျိုးရေး လုပ်ငန်းဟာ မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်ဝင်ငွေရရှိလို့  ဒေသခံတောင်သူတွေက  အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ ယခုနှစ်တွင် ဒေသခံတောင်သူတွေဟာ ဟင်းသီးဟင်းရွက် စားပင်သီးနှံ စိုက်ပျိုးရေး လုပ်ငန်းတွင် ပန်းမုံလာသီးနှံ(အဖြူ)မျိုးနဲ့ ပန်းမုံလာ(အစိမ်း)မျိုးကို စမ်းသပ်စိုက်ပျိုးလုပ်ကိုင်လာကြပါတယ်။ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် တောင်သူတွေ စမ်းသပ်စိုက်ပျိုးတဲ့ ပန်းမုံလာစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဆွတ်ခူးရောင်းချရချိန်တွင် ဈေးကောင်းရရှိဖို့ တောင်သူတွေ မျှော်လင့်နေကြပါတယ် ” ဟု ၎င်းက ဆက်လက် ပြောပြသည်။

ပန်းမုံလာသီးနှံသည် ဟင်းလျာများတွင် တို့စရာအဖြစ် စားသုံး၍ရသလို ကြော်ချက်၍လည်း စားသုံးနိုင်သဖြင့် ပြည်သူများက အကြိုက်တွေ့ဝယ်ယူစားသုံးကြသဖြင့် ဈေးကွက်ရှိသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း၊ ပန်းမုံလာ သီးနှံတွင် အဖြူမျိုးနှင့် အစိမ်းမျိုး ဟူ၍ ရှိပြီး ပန်းမုံလာအဖြူမျိုးမှာ တစ်ပွင့်တည်းသာပွင့်ပြီး အစိမ်းမျိုးမှာ အနည်းဆုံး နှစ်ပွင့် သုံးပွင့်အထိ ဆွတ်ခူးရောင်းချရသဖြင့် စီးပွားရေးပိုမိုတွက်ချေကိုက်သည့် သီးနှံဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။   

ရဲဝင်းနိုင်(ညောင်ဦး)