ပွင့်ဖြူ ၉ ဇူလိုင်
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီအတွက် အချိန်မီ စိုက်ပျိုးနိုင်ရေး ဒေသခံ တောင်သူများက မိမိတို့၏ လယ်ယာမြေများအား ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်း လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်လုပ်ကိုင်နေကြကြောင်း ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာမှ မိုးစပါး စိုက်ပျိုးတောင်သူများ ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် စပါးစိုက်ဧက ၇၀၁၀၈ ဧက လျာထားစိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ အဖွဲ့ကလည်း ဒေသခံ တောင်သူများ မိုးစပါးသီးနှံ အထွက်နှုန်း ကောင်းမွန်ရေးအတွက် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များကို အသိပညာပေး စည်းရုံးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ မြို့နယ်ဟာ ဆန်စပါးကို အဓိကထားပြီးတော့ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ယခုဆိုရင် ကျေးရွာ တွေမှာရှိတဲ့ ဒေသခံ တောင်သူတွေဟာ မိုးစပါး အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် စပါးစိုက်ပျိုးမယ့် လယ်ယာမြေတွေကို ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်နေကြပြီ ဖြစ်ပါတယ်။ ကျွဲနွားရှိတဲ့သူက ကျွဲနွားနဲ့ ထွန်ယက်ပြုပြင်ကြသလို လယ်ထွန်စက်ရှိတဲ့ သူတွေကလည်း လယ်ထွန်စက်တွေနဲ့ ထွန်ယက်ပြုပြင် နေကြပါတယ်။ တချို့တောင်သူတွေလည်း လယ်ထွန်စက်တွေကို ငှားရမ်းပြီး ထွန်ယက်ပြုပြင်ကြတာ ဖြစ်ပါတယ်။ ဒါ့ပြင် ကျွန်တော်တို့ တောင်သူတွေ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်အောင်လည်း ပျိုးထောင်ရေကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက အဆင်ပြေစွာ ပေးဝေပေးထားပါတယ်။ ကျွန်တော်တို့ဒေသမှာ အများဆုံးစိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခနဲ့ ပေါ်ဆန်းရင် စပါးမျိုးတွေကို အများဆုံး စိုက်ပျိုးကြတာဖြစ်ပြီး ယခု ဇူလိုင်လ ဒုတိယပတ်မှာ စတင်စိုက်ပျိုးကြတော့မှာ ဖြစ်ပါတယ်။ စပါးဈေးနှုန်းကလည်း ပြီးခဲ့တဲ့ နှစ်က ဈေးနှုန်းကောင်းခဲ့အတွက် ကျွန်တော်တို့ စပါးစိုက်ပျိုးတောင်သူတွေ သီးနှံဝင်ငွေအကျိုးအမြတ်ရရှိပြီး အဆင်ပြေခဲ့ ကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာမှ ဒေသခံတောင်သူ ဦးဇော်မင်းသန့် က ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)


