ပွင့်ဖြူ  ၁  ဒီဇင်ဘာ  

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ ဆည်မုန်းကျေးရွာအုပ်စုရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ပြီးစီးသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။ 

 

acb2

 

အခမ်းအနားတွင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက တောင်သူများအနေဖြင့် ယခုဆောင်ရွက်ပေးသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)သည် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထောက်အကူပြုစေရန်နှင့် တရားဝင်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ၎င်းအပြင် လယ်ယာမြေ ပုံစံ(၇) ပိုင်ဆိုင်မှုအား မိမိတို့၏ သားစဉ်မြေးဆက် တရားဝင်ပေါင်နှံခြင်း၊ ရောင်းချခြင်းနှင့် အမွေခွဲဝေပေးခြင်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး လယ်ယာမြေပုံစံ(၇)အား မပျောက်ပျက်အောင် ထိန်းသိမ်းထားရှိကြရန် ရှင်းလင်းပြောကြားသည်။ 

 

acb3

 

ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက ဆည်မုန်းကျေးရွာရှိ ဒေသခံတောင်သူများ အနေဖြင့် ယခုရရှိမည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များသည် မိမိတို့လယ်ယာမြေများကို တရားဝင် စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။

အခမ်းအနားတွင် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာရှိ ဦးပိုင်ပေါင်း ၈၀၊ ဧရိယာပေါင်း ၁၃၆ ဧကအတွက် ဒေသခံတောင်သူ (၇၀)ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များကို လွှဲပြောင်းပေးအပ်ခဲ့သည်။ 

ပွင့်ဖြူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအနေဖြင့် စီမံကိန်းနှစ်အလိုက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ကို မြို့နယ်အတွင်းရှိ တောင်သူများ တရားဝင် သီးနှံစိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် အထောက်အထားများစိစစ်၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ စုစုပေါင်း ကျေးရွာအုပ်စု (၅၂)အုပ်စုမှ ကွင်းပေါင်း ၃၂၆ ကွင်း၊ ဦးပိုင်ပေါင်း ၇၇၃၁၄၊ ဧရိယာပေါင်း ၁၂၁၈၇၂ ဧကအား တောင်သူဦးရေပေါင်း ၄၂၈၃၄ ဦးထံ ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲအမှုကော်မတီ အတွင်းရေးမှူး ဦးသန်းဆွေထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)