ပွင့်ဖြူမြို့နယ်၌ ဌာနဆိုင်ရာများစုပေါင်း၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ပွင့်ဖြူ      ၃၀     မတ်         

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မတ် ၃၀ ရက် ၊ နံနက် ၈ နာရီက မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် ဦးဆောင်၍ ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအနီးသို့ သွားရောက်ပြီး ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်အဆင့် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်၊ အတွင်းရေးမှူး မြို့နယ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်တို့ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပွင့်ဖြူမြို့မဈေးကော်မတီအဖွဲ့ဝင်များ၊ နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အော်ဂဲနစ် စိုက်ပျိုးရေးနှင့် တောင်သူ့ရေးရာဖွံ့ဖြိုးရေးအဖွဲ့(OAFADG)အဖွဲ့တို့ စုပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအတွင်းအပြင်ရှိ ဈေးသူဈေးသားများ၊ ဈေးဝယ်လာပြည်သူများနှင့် ခရီးသွားပြည်သူများအား မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု မဖြစ်ပွားစေရေး လက်ဆေးဘေစင်များဖြင့် စနစ်တကျ လက်ဆေးနည်းအား ပညာပေးသရုပ်ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နံရံကပ်ပိုစတာများဖြင့် အသိပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံမြို့မိမြို့ဖများ စုပေါင်း၍ မြို့တွင်းသွားလာသည့် မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ခရီးသည်ပို့ဆောင်ရေးယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများအား ရပ်တန့်စစ်ဆေးပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိ/ မရှိ အပူချိန်တိုင်းကိရိယာများဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးမှုများ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်ပနိုင်ငံများနှင့် နယ်စပ်မြို့များမှ ပြန်လည်ဝင်ရောက်လာသူများကိုလည်း နေ့စဉ် စောင့်ကြပ်စစ်ဆေးပြီး (၁၄)ရက် စောင့်ကြည့်စစ်ဆေးကုသမှုများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)