ပွင့်ဖြူ ၁၇ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း တိရစ္ဆာန်ကူးစက်ရောဂါ ကင်းဝေးစေရေးအတွက် ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ ခွေး စသည့် တိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကြိုတင်ဆေးကျွေးခြင်းများကို ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ကာ အဖွဲ့(၂)ဖွဲ့ခွဲ၍ ကျေးရွာအရောက် အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း အဆိုပါ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေးထံမှ သိရသည်။
“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ပြည်သူများ မွေးမြူထားရှိသည့် ကျွဲ ၊ နွား တိရစ္ဆာန်များတွင် ကူးစက်ရောဂါကင်းဝေးစေရန်နှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို ယခုနှစ် ဧပြီလမှစတင်ကာ အဖွဲ့(၂)ဖွဲ့ခွဲ၍ ကျေးရွာတွေအရောက် အခမဲ့ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးနေပါတယ်။ လက်ရှိ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေနဲ့ဆိုရင် ကျေးရွာပေါင်း ၁၃၂ ရွာရှိ ကျွဲ၊ နွား ကောင်ရေ ၁၂၆၄၀၊ ကြက်လည်လိမ်ကာကွယ်ဆေး အိုင်တူးမျက်စဉ်း ခတ်ခြင်းလုပ်ငန်းတွင် ကျေးရွာပေါင်း ၅၈ ရွာရှိ ကြက်ကောင်ရေ ၆၁၀ဝ ကောင်၊ ဝက်ဝမ်းကျကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းတွင် ကျေးရွာပေါင်း ၁၈ ရွာမှ ဝက်ကောင်ရေ ၂၄၀ ကောင်၊ ခွေးရူးကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် ကျေးရွာပေါင်း ၃၉ ရွာရှိ ခွေးကောင်ရေ ၁၂၆ ကောင်နှင့် ခွေးကျောက်ရောဂါကာကွယ်ထိုးနှံခြင်းလုပ်ငန်းတွင် ကျေးရွာ ပေါင်း ၂၃ ရွာရှိ ခွေးကောင် ရေ ၇၅ ကောင်တို့ကို ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပြီးစီးသွားပြီဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိတဲ့ ကျေးရွာအနေနဲ့ ၇၂ ရွာခန့် ကျန်ရှိနေပြီး အဆိုပါကျေးရွာများကို ယခုလကုန်တွင် အပြီးသတ် ကွင်းဆင်းထိုးနှံပေးသွား မှာဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသည့် တောင်သူများကိုခေါ်ယူကာ အခါအားလျော်စွာ တိရစ္ဆာန် မွေးမြူရေးဆိုင်ရာလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ၊ မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ပညာပေးသင်တန်းများကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချသင်ကြားပေးနေပါတယ်။ ဒီလို ဆောင်ရွက်ပေးခြင်းအားဖြင့် မြို့နယ်အတွင်း တိရစ္ဆာန် ကူးစက်ရောဂါအန္တရာယ်ကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်စေမှာဖြစ်ပါတယ် ” ဟု ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေး က ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)
