ပွင့်ဖြူ၊ ၉ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်  တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ဖြင့် ဆောက်လုပ်သည့် အစည်းအဝေးခန်းမဆောင်သစ်အား တင်ဒါအောင်မြင်သည့် ကျော်သာ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုအခါ အစည်းအဝေးခန်းမဆောင်သစ် တည်ဆောက်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း ဒီဇင်ဘာ  ၉  ရက်က သိရသည်။

အဆိုပါ အစည်းအဝေးခန်းမဆောင်သစ် ဆောက်လုပ်ခြင်းကို ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးဝန်းတွင် တည်ဆောက်ခြင်းဖြစ်ပြီး  ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်  တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေကျပ် ၁၀၄ ဒသမ ၅၂၈ သန်းဖြင့် အလျား ပေ ၁၀၀၊ အနံ ပေ ၄၀၊ အာရ်စီတစ်ထပ် အစည်းအဝေး ခန်းမဆောင် တည်ဆောက်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လဆန်း ပိုင်းက စတင်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလဆန်းပိုင်းတွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီး သွားပြီ ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးခန်းမဆောင်သစ် တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ ဌာနဆိုင်ရာအစည်းအဝေးပွဲများနှင့် အခြား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေးပွဲများကို အဆင်ပြေစွာ ကျင်းပပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

 ရဲဝင်းနိုင်(ညောင်ဦး)