ပွင့်ဖြူ   ၈    ဇွန် 

   

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် တိုင်ထောင်ပဲစိုက်ပျိုးတောင်သူများ အောင်မြင် ဖြစ်ထွန်းပြီး တိုင်ထောင်ပဲသီး တစ်ပိဿာလျှင် ငွေကျပ် တစ်ထောင်ကျော် ရောင်းချရသဖြင့် မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာမှ ဒေသခံ တောင်သူများထံမှ သိရသည်။

 

တိုင်ထောင်ပဲ စိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး အချိန်တစ်လကြာပါက ဈေးကွက်ဝင် တိုင်ထောင်ပဲ သီးနှံကို စတင်ဆွတ်ခူးရောင်းချရပြီး စိုက်ပျိုးရာတွင်လည်း တစ်ပင်နှင့် တစ်ပင် အနည်းဆုံး တစ်ထောင်အကွာ စိုက်ပျိုးရကြောင်းနှင့်  အသီးအပွင့်များ မတင်မီ အတန်းလိုက် တိုင်ထောင်ခြင်း လုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိရကြောင်း သိရသည်။

 

mdn

 

 “ ကျွန်တော်က တိုင်ထောင်ပဲသီးနှံကို ယခုနှစ်မှ စပြီး စိုက်ပျိုးတာပါ။ မိသားစုစားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးတာပါ။ စိုက်ပျိုးထားမှုအနေနဲ့ကတော့ တိုင်ထောင်ပဲသီးနှံ အပင်ရေ ၇၀ဝ လောက် စိုက်ပျိုးထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိဿာချိန် ၁၀ဝ ကျော်လောက် ဆွတ်ခူး ရောင်းချနေရပါပြီ ။ ဈေးနှုန်းကတော့ တစ်ပိဿာကို ငွေကျပ် ၁၂၀ဝ ၊ ၁၃၀ဝ လောက် ရောင်းချ ရပါတယ်။ ဖောက်သည်ဝယ်ယူတဲ့သူတွေက ခြံအထိ လာရောက်ဝယ်ယူကြပါတယ်။ အပြင်ထွက်ပြီး ရောင်းစရာမလိုတော့ ခရီးစရိတ်အကုန်အကျလဲ သက်သာတဲ့အတွက် တိုင်ထောင်ပဲသီးနှံ စိုက်ပျိုးရေး လုပ်ငန်းက တောင်သူတွေအတွက် အရမ်းအဆင်ပြေပါတယ် ဟု ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာမှ တစ်ပိုင်တစ်နိုင် တိုင်ထောင်ပဲ သီးနှံ စိုက်ပျိုးတောင်သူ ကိုသန့်ဇင်ဦး က ပြောသည်။

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေး အဆင်ပြေသည့်အတွက် အညာကျေးလက်နေ တောင်သူများသည် နေ့စဉ်မိသားစုဝင်ငွေရရှိရေးအတွက် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း သိရပြီး ထိုသို့ စိုက်ပျိုးရာ တွင် သီးထပ်သီးညှပ်များအဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်းမှု ရှိသည့်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းမှာ စီးပွားရေး တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )