ပွင့်ဖြူ    ၉    နိုဝင်ဘာ    

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော် ဦးဆောင်သော ဝန်ထမ်းများ အဖွဲ့သည် မြို့နယ်အတွင်း သစ်တောပြုန်းတီးမှု လျော့နည်းပပျောက်စေရန်နှင့် တရားမဝင် သစ်မှောင်ခိုပြုလုပ်ခြင်းများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ နိုဝင်ဘာ ၇ ရက်၊ နံနက် ၃ နာရီအချိန်ခန့်က နယ်မြေရှင်းလင်းခြင်းလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ တရားမဝင် အခြားသစ်ခွဲသား (၇)ချောင်း ၊ လုံးပတ် သုံးပေအောက် အခြားသစ်လုံး တစ်လုံး စုစုပေါင်း သုည ဒသမ ၈၃၇၆ တန်နှင့် ပေါင်သုံးဆယ်ဝင် တရားမဝင် မီးသွေးအိတ် ၁၄၉ လုံး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက်၊ နံနက် ၃ နာရီအချိန်ခန့်က ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီမှူး ဦးအောင်မော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် စေတုတ္တရာမြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ နယ်မြေအတွင်း သစ်တောပြုန်းတီးမှုများ ကင်းဝေးစေရန်နှင့်  တရားမဝင် သစ်မှောင်ခိုပြုလုပ်ခြင်းများ လျော့နည်းပပျောက် စေရန် ရည်ရွယ်၍ စေတုတ္တရာမြို့နယ် ကြီးအုံကြီးဝတမံဝန်းကျင်အား နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ နှစ်မြို့နယ်ကြား နယ်စပ်ရှိ ပွင့်ဖြူမြို့နယ် ညောင်ကုန်းဆိပ်ကမ်းတွင် တရားမဝင် အခြားသစ်ခွဲသား (၇)ချောင်း ၊ လုံးပတ်သုံးပေအောက် အခြား သစ်လုံးတစ်လုံး စုစုပေါင်း သုည ဒသမ ၈၃၇၆ တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။ 

အလားတူ နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး၏ လမ်းညွှန်သတင်း ပေးချက်အရ ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာအုပ်စု ၊ ကျောင်းစုကျေးရွာအနီးဝန်းကျင်အား သွားရောက်နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ ကျောင်းစုကျေးရွာ၏အရှေ့ဘက် ရွာပြင်ကုက္ကိုပင်အောက်တွင် ပေါင်သုံးဆယ်ဝင် တရားမဝင် မီးသွေးအိတ် ၁၄၉ လုံးအား ပိုင်ရှင်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိမှုအား သစ်တောဉပဒေပုဒ်မ - ၃၃(က) ၃ ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မော်ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)