ပွင့်ဖြူ ၁၄ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၄)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ သံဃာကုသဆောင်တွင် Test Kit ဖြင့် စစ်ဆေးရာ တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ(တွေ့ရှိ)ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူမှာ ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာနေသူ အသက်(၃၂)အရွယ် အမျိုးသားဖြစ်ပြီး တိုင်းခြားခရီးသွားလာရန်အတွက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ လာရောက်စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့သည့်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပွင့်ဖြူမြို့ အ.ထ.ကကျောင်းရှိ ယာယီသီးခြားလူနာ ကုသဆောင်တွင် ပို့ဆောင်၍ လိုအပ်သော ကျန်းမာရေးဆေးကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်သွားနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံမြို့မိမြို့ဖများ ပူးပေါင်းပြီး မြို့အဝင်၊ အထွက် နေရာများတွင် (၂၄)နာရီ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားရှိပြီး မြို့နယ်အတွင်း ဖြတ်သန်းသွားလာသော ကုန်တင်ယာဉ်ကြီးများနှင့် မော်တော်ယာဉ်များကို ရပ်တန့်စစ်ဆေး၍ ခရီးသွားလာခွင့် ထောက်ခံစာ ပါ/မပါ စစ်ဆေးခြင်း၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များ စာရင်းကောက်ယူခြင်း၊ ခရီးသွားရာဇဝင် မေးမြန်းစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လိုက်နာရန်အချက်များကို အသိပညာပေး ဟောပြောခြင်းများ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကိုလည်း မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆေးကုသဆောင်တွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း Test Kit ဖြင့် ကိုဗစ်ပိုး ရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ ဦးထွန်းသိန်းအောင်ထံက သိရသည်။

ရဲဝင်းနိုင် (ပြန်/ဆက်)