ပွင့်ဖြူ   ၅   ဒီဇင်ဘာ      

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ကျေးရွာချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ရန်နှင့် ကျေးရွာချောင်းကူးတံတား တည်ဆောက်ခြင်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေကျပ် ၁၄၅၁ ဒသမ ၂၃၂ သန်း ခွင့်ပြုချထားပေးခဲ့ကြောင်း သိရပြီး အဆိုပါ ခွင့်ပြုချထားငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် ဒေသထွက်ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းများ လယ်ကူမြန်ဆန်လာစေရေးအတွက် ကျေးရွာချင်းဆက်လမ်းအရှည် ၂၆ မိုင်၊ ၅ ဖာလုံအား ဂဝံမြေနီလမ်းခင်းခြင်း နှင့် အရှည် ၂ မိုင်၊ ၅ ဖာလုံ အား ကတ္တရာလမ်းခင်းခြင်း၊ ကျွဲခြံကျေးရွာ ချောင်းကူးတံတားအရှည်ပေ ၈၀ အား ဘေလီတံတား တည်ဆောက်ခြင်းနှင့် Box Culvert အမျိုးအစား တံတား(၃၄)စင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် မုန်းဇလဲကျေးရွာချောင်းကူးတံတား အရှည်ပေ ၁၀ဝ ကို လည်း ကွန်ကရစ်တံတား ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လတ်တလောတွင် တင်ဒါစနစ်ဖြင့် ဆောင်ရွက်လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူထားရှိကြောင်းနှင့် တင်ဒါဖွင့်ပွဲပြီး လုပ်ပြီးပါက ဖွံ့ဖြိုးရေးလုပ်ငန်းများအား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိမိလွင်ထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)