ပွင့်ဖြူ ဒီဇင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရန်နှင့် စားသုံးဆီ ဖူလုံပိုလျှံစေရန်အတွက် ဒေသခံတောင်သူများက ဆီထွက်သီးနှံများကို ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မြေပဲသီးနှံ ၁၅၇၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၂၉၃၀ ဧက စိုက်ပျိုးရန် လျာထားပြီး ဒေသခံတောင်သူများက လျာထားစိုက်ဧက ပြည့်မီစေရန် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပဲ ၁၅၇၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးစွမ်းအားတိုးတက်စေဖို့၊ ဆီစားသုံးမှု ဖူလုံပိုလျှံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီး ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲကို ၂၉၃၀ဧကထိ လျာထား စိုက်ပျိုးလျက်ရှိရာမှာ ဒီနေ့ထိ ၁၅၇၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ သတ်မှတ်လျာထားဧကပြည့်မီဖို့နဲ့ အထွက်နှုန်း ကောင်းမွန်စေဖို့အတွက် ဒေသခံတောင်သူတွေကို မြေပဲစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးစိုက်ပျိုးရေးဆိုင်ရာ ပညာပေးတာတွေ ကွင်းဆင်းဆောင်ရွက်နေပါတယ်ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများက သီးနှံအထွက်နှုန်း ကောင်းမွန်စေရန် ဒေသနှင့် ကိုက်ညီသည့် ဆင်းပဒေသာ - ၁၁ မြေပဲမျိုးများကိုသာ အဓိကစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများကို အရည်အသွေးကောင်းသောသီးနှံများထွက်ရှိရေး၊ စိုက်ပျိုးရေး သွင်းအားစုများ စနစ်တကျ သုံးစွဲရေးနှင့် သီးနှံပိုးမွှားရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး စသည့် စိုက်ပျိုးရေး အသိပညာပေးခြင်းများကို တောင်သူများနှင့်ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဆီစားသုံးမှု ဖူလုံစေရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းကို (နွေ၊ မိုး၊ ဆောင်း ) တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း၊ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီက မြေပဲ ၁၆၆၁ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ဧက ၃၆၁၉ ဧက စိုက်ပျိုးနိုင်ခဲ့၍လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ ယခု ဆောင်းသီးနှံစိုက်ပျိုးရာတွင်လည်း မြေပဲစိုက်ဧက၂၉၃၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့ထိ ၁၅၇၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့်သတ်မှတ်စိုက်ဧက ပြည့်မီရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ စပ်ဆက်ဌာနများကလိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )